ရုပ်ရှင်သရုပ်ဆောင်စမိုင်းလ်တို့ဇနီးမောင်နှံဟာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား Hidden Hills ရှိ ၃ ဧကနီးပါးကျယ်ဝန်းတဲ့နေအိမ်ကို ဒေါ်လာ ၁၆.၇ သန်းနဲ့ ဝယ်ယူလိုက်တယ်လို့ Dirt သတင်းဌာနက ဩဂုတ် ၅ ရက်မှာ ဖော်ပြပါတယ်။
ရောင်းချသူက အမေရိကန်မိတ်ကပ်အနုပညာရှင်၊ Youtuber ဂျက်ဖရီးစတားဖြစ်ပြီး သူဟာ သူရဲ့နေအိမ်ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက အရောင်းတင်ထားခဲ့ပြီး မြန်မာလူမျိုးတွေ ဖြစ်တဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံက ဝယ်ယူသွားခဲ့တာဖြစ်ပါတယ်။
ရေကူးကန်၊ အားကစားခန်းမနဲ့ အိပ်ခန်းပေါင်းများစွာပါဝင်တဲ့ အဲဒီနေအိမ်ကို ဂျက်ဖရီးစတားက အစောပိုင်းမှာ ဒေါ်လာ သန်း ၂၀ နဲ့ရောင်းချဖို့ စျေးခေါ်ခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်ခန့် သူစတင်ဝယ်ယူခဲ့ ချိန်က ဒေါ်လာ ၁၄.၆ သန်းပေးခဲ့တာကြောင့် ဒေါ်လာ ၂ သန်းကျော်အမြတ်ထွက်ခဲ့ပါတယ်။

စမိုင်းလ်တို့ဇနီးမောင်နှံဟာ ကယ်လီဖိုးနီးယားရဲ့ Rancho Cucamonga မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး မကြာသေးမီကတော့ Beverly Hills မှာရှိတဲ့ ခေတ်ပြိုင်နေအိမ်ကြီးတစ်လုံးကို အငှားချခဲ့ပါသေးတယ်။ အရင်နေထိုင်တဲ့ Rancho Cucamonga နဲ့ အခုဝယ်ယူလိုက်တဲ့ Hidden Hills ဟာ မိုင် ၇၀ လောက်ဝေးကွာတယ်လို့ သိရပါတယ်။
ရုပ်ရှင်သရုပ်ဆောင်မျိုးရိုးရှိတဲ့ စမိုင်းလ်ဟာ စီးပွားရေးလုပ်ငန်းရှင် ဦးပြည့်မောင်နဲ့အိမ်ထောင်ကျခဲ့ပြီး သမီးနှစ်ဦးရှိပါတယ်။ ၂၀၀၀ ပြည့်လွန်နှစ်များက မြန်မာ့ရုပ်ရှင်နဲ့သရုပ်ဆောင်၊ မော်ဒယ်လ် အလုပ်များကို လုပ်ကိုင်ခဲ့တဲ့စမိုင်းလ်ဟာ နှစ်အတန်ကြာ ပြည်ပကိုရောက်ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့အရပ်သားတစ်ပိုင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ ခင်ပွန်းဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်း တွေနဲ့အတူ စမိုင်းလ်ဟာ တေးစီးရီး၊ စာအုပ်ရေးသားထုတ်ဝေးခြင်းနဲ့ အနုပညာလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်ခဲ့ပါတယ်။

သူမရဲ့ခင်ပွန်း ဦးပြည့်မောင်ဟာ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးခက်ခဲနေချိန် ၂၀၁၂ ကစပြီး VMG Telecom နည်းပညာကုမ္ပဏီနဲ့ နိုင်ငံတကာဖုန်းခေါ်ဆိုမှုတွေပြုလုပ်နိုင်တဲ့ Ytalk ငွေဖြည့်ကတ် တွေကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ဒါပမယ့် Ytalk ဟာမအောင်မြင်ခဲ့ပါဘူး။
ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာ စမိုင်းလ်တို့ဇနီးမောင်နှံကို အလှူအတန်းရက်ရောပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများတိုးချဲ့လာသူလို့ အနုပညာအသိုင်းအဝန်းကြားမှာ သိရှိကြပါတယ်။
လက်ရှိမှာ စမိုင်းလ်ဟာ ပြင်ဦးလွင်မှာ SMILE ဟိုတယ်၊ ရန်ကုန်မှာ Smile Mart အပါအဝင် စီးပွားရေးလုပ်ငန်းအချို့ကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာပါဒေါ်လာသန်းဆယ်ချီတန်တဲ့ နေအိမ်တွေဝယ်ယူနိုင်အောင်ချမ်းသာတဲ့ သူတို့ရဲ့အဓိကလုပ်ငန်းကဘာလဲဆိုတာတော့မသိရပါဘူး။
