စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် တကျော့ပြန် စစ်ကြောင်းထိုးနေပြီး လမ်းပိုင်းနှစ်ခု ယာယီပိတ်ထားကြောင်း Khin U Special force Organization-KSO အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ယနေ့ (ဇန်နဝါရီလ ၃၁ ရက်) နံနက်ပိုင်းက ရေဦးမြို့နယ်၊ ကြာပန်းညိုကျေးရွာမှတဆင့် ခင်ဦးနယ်ဘက် ခြေလျင်စစ်ကြောင်း ထိုးလာသော အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီတပ်သည် ခင်ဦးနယ် အနောက်မြောက်ခြမ်း မြင်းကျကျေးရွာသို့ ဝင်ရောက်နေကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။
ထို့ကြောင့် မုံလှ-မြင်းဒေါင်း ကွန်ကရစ် လမ်းပိုင်း နှင့် ရေဦး-ခင်ဦး လမ်းပိုင်း တို့ကို တော်လှန်ရေးအဖွဲ့များက ယာယီပိတ်ထားမည်ဖြစ်ကြောင်း KSO အဖွဲ့က အသိပေးသည်။
“အဲဒီစစ်ကြောင်းမှာ ရွှေဘိုလေ့ကျင့်ရေး၈က စစ်သားအင်အား ၁၀၀လောက်နဲ့ ဘုန်းကုန်းပျူရွာက စစ်သား ၅၀ လောက်ပါတယ်။”ဟု ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ထိုစစ်ကြောင်းကြောင့် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာထက်မနည်း ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်များကို ကူညီနေသူများက ပြောသည်။

Public Service Announcement
ခင်ဦးမြို့နယ် အနောက်ခြမ်းရှိကျေးရွာများကို ဇန်နဝါရီ ၃ရက်နေ့မှ ၁၂ရက်နေ့အတွင်းကလည်း စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်သွားခဲ့သည်။
