ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာရှိ စစ်ကောင်စီ၏ ခလရ ၁၂၃ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ ညနေပိုင်းတွင်အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောကြားသည်။
“ဒီနေ့ ဇန်နဝါရီ ၂၄ရက်နေ့ ညနေ ၃နာရီနဲ့ ၄နာရီကြားမှာ သိမ်းလို့ရတယ်ဆိုတဲ့ ကနဦးသတင်းကတော့ ရပါတယ်။ ဒါပေမဲ့ မြေပြင် သတင်းပြည့်ပြည့်စုံစုံကတော့ ဘာမှ မရသေးပါဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက People’s Spring သို့ပြောသည်။
နမ့်ဖက်ကာရှိ စစ်ကောင်စီ၏ ခလရ(၁၂၃) တပ်ရင်းဌာနချုပ် စခန်းသိမ်းပိုက်နိုင်ရေးအတွက် KIAက ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ရက်ရှည်တိုက်ခဲ့ရပြီး ယနေ့ ဇန်နဝါရီ ၂၄ရက် ညနေပိုင်း၌ အပြီးသတ် သိမ်းပိုင်ခဲ့ခြင်းဖြစ်သည်။
“စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတာဟုတ်တယ်။ လက်နက်ခဲယမ်းရရှိမှုနဲ့ စကစ သေဆုံးမှု အသေးစိတ် မသိရသေးဘူး”ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။
စခန်းသိမ်းပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ ကဆက်တိုက်လာရောက်ပစ်ခတ်နေကြောင်း ဒေသခံ တစ်ဦးကပြောသည်။

Public Service Announcement

ယနေ့ ညနေပိုင်းတွင် ပြင်ဦးလွင်နှင့်နမ့်ဆန်လေတပ်စခန်းမှတက်သော ဂျက်ဖိုက်တာနှစ်စင်းသည် နမ့်ဖက်ကာသို့ လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီအနေဖြင့် နမ့်ဖက်ကာရှိ ခမရ ၁၂၃ တပ်စခန်းမကျရေးအတွက် လေကြောင်း ပစ်ကူအကြိမ်ကြိမ်ပေး၍ တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီ ၁၆ရက် တိုက်ပွဲတွင်တရုတ်နိုင်ငံထုတ်FTC 2000G အမျိုးအစားတိုက်ခိုက်ရေးလေယာဉ်ဖြင့် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်စဉ် KIA က ပစ်ချခဲ့သည်။ ထို့နောက်ပိုင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး ယနေ့ သိမ်းယူနိုင်ခြင်းဟု သတင်းရရှိသည်။

KIA အနေဖြင့် နမ့်ဖက်ကာနှင့် အနီးတဝိုက်ရှိ စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်ထားခြင်းအပါအဝင် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ခုထက်မနည်းကို ၂၀၂၃ နှစ်ကုန်ပိုင်းနှင့် ယခု ဇန်နဝါရီ လအတွင်း တိုက်ခိုက်သိမ်းပိုက်ထားခဲ့သည်။ ကချင်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသကဲ့သို့ စစ်ကိုင်းတိုင်း ဒေသအချို့ တိုက်ပွဲများတွင်လည်း KIAနှင့် PDFများ အခြားမဟာမိတ်တပ်များက ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်နေသည်။
