စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းများ ဒီဇင်ဘာ ၂၇ရက် နောက်ဆုံးထား၍ ဆောင်ရွက် ဆဲ ရုံးလုပ်ငန်းများရပ်တန့်ပြီး ဌာနဆိုင်ရာ စာရွက်စာတမ်းများ၊ ပြည်သူပိုင်ပစ္စည်းများနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထံ အလင်းဝင်ကြရန် ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်သည်။
Non-CDM များနှင့် ပတ်သက်သော သတိပေးချက်ကို ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(နိုဝင်ဘာ ၂၉ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။
အလင်းဝင်ရောက်မည့် Non-CDM ဝန်ထမ်းများသည် အစိုးရဌာနဆိုင်ရာ(သို့မဟုတ်) ဒေသဆိုင်ရာ အာဏာပိုင်က ပိုင်ဆိုင်သည့် (သို့မဟုတ်) ယင်းတို့အား လွှဲအပ်ထားသည့် (သို့မဟုတ်) အသုံးပြုရန် ကြံရွယ်ထားသည့် သိုလှောင်ပစ္စည်း သို့မဟုတ် ပစ္စည်းကိရိယာတန်ဆာပလာ သို့မဟုတ် အခြားပစ္စည်းများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ စနစ်တကျ အပ်နှံရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည်ဟု သတိပေးချက်တွင် ဖော်ပြထားသည်။
အမိန့်ထုတ်ပြန်သည့်နေ့ရက်မှစ၍ ဒီဇင်ဘာ ၂၇ရက်အထိ အလင်းဝင်ရောက်ခြင်း မရှိသည့် Non-CDM ဝန်ထမ်းများကိုတည်ဆဲဥပဒေနှင့်အညီထိရောက်စွာ အရေးယူအပြစ် ပေးမည်ဖြစ်ပါသဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်ပြီး အလင်းဝင်ရောက်ကြရန် ပြင်းထန်စွာသတိပေးလိုက်သည်ဟု ဖော်ပြထားသည်။
ထီးချိုင့်မြို့နယ်တွင် လတ်တလော၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီသည် စခန်းများမကျစေရေးအတွက် အပြင်းအထန် ခုခံနေရသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement
“စစ်တပ်က PDF ကို ဒဲ့ရင်မဆိုင်ရဲဘူး။ လူထုနဲ့ လူထုရဲ့ အိုးအိမ်တွေကို အကာအကွယ်ယူပြီး တိုက်နေတာ။ အိမ်တွေလည်း မီးရှို့ဖျက်ဆီးနေတာ။ အလင်းမဝင်တဲ့ Non တွေကတော့ သမိုင်းတရားခံပဲ”ဟု မြို့ခံတစ်ဦးက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေသည့် စစ်ကိုင်းတိုင်း ကောလင်းမြို့တွင်လည်း Non-CDM ဝန်ထမ်းများ ဒီဇင်ဘာ၂၅ရက် နောက်ဆုံးထား၍ အလင်းဝင်ကြရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
