စစ်ကိုင်းတိုင်း၊ မြင်းမူမြို့တွင် အရပ်ဝတ်ဖြင့် ကင်းစောင့်နေသော စစ်အုပ်စုအား လျက်ဆားပုလင်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း True Fighter မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (နိုဝင်ဘာ ၂၈ ရက်) ညနေ ၄ နာရီခွဲခန့်က မုံရွာ – မန္တလေးလမ်းမကြီးဘေးရှိ ဝါစက်ကွင်းအတွင်း အရပ်ဝတ်ဖြင့်ကင်းစောင့်နေသော အင်အား ၁၅ဦးခန့်ရှိ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများအား လျက်ဆားပုလင်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း True Fighter မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်စွန်ရဲက ပြောသည်။
“ငါးကောင်က ကင်းစောင့်နေတယ်။ ကျန်တာက ပျူတွေလည်းပါတယ်။ ဂန်းနဲ့ရယ်ဒီဖြစ်နေတဲ့ကောင်တွေလည်း ရှိတယ်။ အဲဒီအချိန်မှာဝင်ပစ်တာ။”ဟု ဗိုလ်စွန်ရဲက ပြောသည်။
တိုက်ခိုက်မှုကြောင့် သုံးဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားသည်ဟု ၎င်းက ဆိုသည်။
အဆိုပါ စစ်အုပ်စုသည် မုံရွာ – မန္တလေးလမ်း၌ ခရီးသွားယာဥ်များအား စစ်ဆေးငွေတောင်းခံလေ့ရှိကြောင်း သိရသည်။

Public Service Announcement
ယင်းတိုက်ခိုက်မှုကို True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် Zeroပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့သည် မြင်းမူမြို့ပေါ်၌ စစ်ကောင်စီတပ်အား အလစ်ဝင်ရောက် ပစ်ခတ်တိုက်မှု အကြိမ်ရေ ၅၀ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
