လွိုင်ကော်မြို့တွင်း၌ ပစ္စည်းခိုးယူသူများကို ဖမ်းဆီးအရေးယူထားကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
နိုဝင်ဘာ ၁၁ ရက်ကစ၍ တိုက်ပွဲပြင်းထန်ခဲ့သည့် လွိုင်ကော်မြို့နေပြည်သူများမှာ နီးစပ်ရာ ဒေသများသို့ အရေးပေါ် ရှောင်တိမ်ခဲ့ပြီးနောက် မြို့တွင်း၌ ပစ္စည်းခိုးယူမှု ဖြစ်စဥ်များမှာ ယခုရက်သတ္တပတ်အတွင်း အများအပြားရှိလာသည်ဟု ဆိုသည်။
“ဒီနေ့(နိုဝင်ဘာ ၂၂ ရက်)အထိ သူခိုးသုံးကောင်မိ တယ်။မှတ်တမ်းယူပြီး ပြစ်မှုကျူးလွန်တာ သေချာတဲ့အတွက် ထိုက်သင့်တဲ့ အရေးယူမှုတွေလုပ်ခဲ့ပါတယ် “ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
ထို့အပြင် ပစ္စည်းခိုးယူသူများနှင့် ခိုးရာပါ ပစ္စည်းလက်ခံသူများကို ပြင်းထန်စွာအရေးယူမည်ဟုလည်း ၎င်းက အသိပေးသည်။
၁၂ ရက်ကြာရှိလာသည့် လွိုင်ကော်မြို့ တိုက်ပွဲမှာ နေ့စဥ်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ခံပြည်သူ ငါးသောင်း ဝန်းကျင်မှာ စစ်ဘေးရှောင်နေရသည်။

Public Service Announcement
နိုဝင်ဘာ ၁၉ ရက်အထိ စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် လွိုင်ကော်မြို့ရှိ အရပ်သား ၆၈ ဦးအထိ သေဆုံးထားကြောင်းလည်း ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(KHAI)က ထုတ်ပြန်ထားသည်။
