မြန်မာနိုင်ငံ အခြေစိုက် အွန်လိုင်းကာစီနို လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေခံနေရတဲ့ ဗီယက်နမ် နိုင်ငံသား ၆၁ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ဗီယက်နမ် အစိုးရက ကြေညာပါတယ်။
ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဖမ်သူဟန်က မကြာသေးခင်မှာ မြန်မာနိုင်ငံကစစ်ကောင်စီဟာ အွန်လိုင်း လိမ်လည် လောင်းကစားဝိုင်းတွေနဲ့ ဆက်စပ်တဲ့ နိုင်ငံခြားသား ၂၀၀ ဝန်းကျင်ကို ကယ်ဆယ်နိုင်ခဲ့ပြီး အဲဒီထဲမှာ ဗီယက်နမ် နိုင်ငံသား ၆၁ ဦးလောက် ပါဝင်တယ် ဆိုတာကို ရန်ကုန် အခြေစိုက် ဗီယက်နမ် သံရုံးကနေတဆင့် ဆက်သွယ် အသိပေးလာတယ်လို့ ပြောပါတယ်။
ကျန်တဲ့ နိုင်ငံခြားသား ၁၄၀ ဝန်းကျင်လောက်ဟာ ဘယ်နိုင်ငံတွေကလဲဆိုတာ လောလောဆယ် ကွဲကွဲပြားပြား မသိရသေးပါဘူး။
မြန်မာဖက်က အကြောင်းကြားထားတဲ့ ၆၁ ဦးဟာ ဗီယက်နမ် နိုင်ငံသားတွေဆိုတာ သေချာကြောင်း စိစစ်ပြီးတဲ့နောက် သံရုံးက သက်ဆိုင်ရာ ဒေသခံ အရာရှိတွေရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာကြဖို့ အကြံပြုထားကြောင်း၊ သူတို့ကို ဗီယက်နမ်နိုင်ငံ အမြန်ဆုံး ပြန်လည်ခေါ်ယူနိုင်အောင် အစွမ်းကုန် ကြိုးစားပေးနေကြောင်းလည်း ဖန်က သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံ အရှေ့ဖက်ဖျားက တရုတ်၊ ထိုင်းနိုင်ငံတွေနဲ့ ထိစပ်နေပြီး တရားဥပဒေ လက်လှမ်းမီမှု အားနည်းတဲ့ နယ်စပ်တွေမှာ အွန်လိုင်းကနေ လိမ်လည်တဲ့ဂိုဏ်းတွေ၊ အွန်လိုင်း ကာစီနို လုပ်ငန်းတွေ အခြေစိုက်လေ့ရှိပြီး နိုင်ငံခြားသားတွေကို အလုပ်သမားအဖြစ် လှည့်စားခေါ်ယူ ခိုင်းစေတဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်နေပါတယ်။ အခု ဗီယက်နမ် ၆၀ ကျော် အပါအဝင် နိုင်ငံခြားသားတွေဟာလည်း ဆန္ဒမပါဘဲ အွန်လိုင်း ကာစီနိုတွေဆီ လှည့်စားခေါ်ယူပြီး အလွန်အကျွံ ခိုင်းစေမှုတွေ ခံနေရတာလို့ ဖန်က ဆိုပါတယ်။ ဒါပေမဲ့ သူတို့ အလုပ်လုပ်ခဲ့တယ်ဆိုတဲ့ ကာစီနိုတွေက မြန်မာနိုင်ငံရဲ့ ဘယ်အစိတ်အပိုင်းမှာ ရှိနေခဲ့သလဲ ဆိုတာကိုတော့ ဖန်က ထုတ်မပြောပါဘူး။

Public Service Announcement
ဩဂုတ် ၂၉ ရက်မှာ ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာ တစ်စောင်အရ မြန်မာ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတချို့မှာ ဒုစရိုက်ဂိုဏ်းတွေက တရားမဝင် အွန်လိုင်းကာစီနိုတွေ၊ အွန်လိုင်းအခြေပြု ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေ ထူထောင်ထားပြီး အဲဒီလုပ်ငန်းတွေမှာ လှည့်စားခေါ်ယူပြီး အဓမ္မ ခိုင်းစေခံနေရသူ သိန်းနဲ့ချီ ရှိတယ်လို့ သိရပါတယ်။
အွန်လိုင်းလောင်းကစားလုပ်ငန်းတွေဟာ စစ်ကောင်စီရယ် ၊စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ဆက်စပ်နေတာကြောင့် ဒီလုပ်ငန်းတွေကို တိုက်ဖျက်ဖို့ ၊စစ်အာဏာရှင်ကိုဖြုတ်ချဖို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်မှာ စစ်ဆင်ရေး ၁၀၂၇ အမည်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေကြပြီဖြစ်ပါတယ် ။
ကိုးကား-Asia News Network
