စစ်တပ်ရဲ့ လေယာဉ်ဆီ တင်သွင်းမှု လမ်းကြောင်းတွေကို အမေရိကန် ပစ်မှတ်ထားအရေးယူဒဏ်ခတ်
အာဏာသိမ်း မြန်မာစစ်တပ်အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကို အမေရိကန်က ပိုမို တင်းကျပ်လိုက်ပြီး ဒီတစ်ကြိမ်မှာတော့ စစ်ဗိုလ်ချုပ်တွေရဲ့ လေယာဉ်ဆီ တင်သွင်းမှု လမ်းကြောင်းတွေကို အဓိက ပစ်မှတ်ထားလာခဲ့တာ တွေ့ရပါတယ်။ မနေ့က ကြေညာလိုက်တဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဒဏ်ခတ်ပိတ်ဆို့စာရင်းမှာ ခင်ဖြူဝင်းနဲ့ ဇော်မင်းထွန်းတို့ရဲ့ နာမည်တွေအပြင် သူတို့နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီ သုံးခုပါ ပါဝင်လာပါတယ်။ အဲဒီ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေဟာ မြန်မာ စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက် ဂျက်လေယာဉ် လောင်စာဆီတွေ တင်သွင်းဝယ်ယူနိုင်အောင် ထဲထဲဝင်ဝင် အကူအညီ ပေးခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။ အရေးယူပိတ်ဆို့မှု အသစ်တွေဟာ တော်လှန်ရေး အင်အားစုတွေကို ရင်ဆိုင်ဖို့အတွက် လေကြောင်း တိုက်ခိုက်မှု အင်အားကို အသည်းအသန် မှီခိုနေရတဲ့ မြန်မာစစ်တပ်အတွက် ကြီးမားတဲ့ အကျပ်အတည်းတွေ ဖြစ်ပေါ်လာစေဖွယ် ရှိနေပါတယ်။ မြန်မာစစ်တပ်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို ပစ်မှတ်ထားပြီး အရေးယူ ပိတ်ဆို့မှုတွေ ဆက်လက် အရှိန်မြှင့်တင်နေခြင်းအားဖြင့် စစ်တပ်က ပြည်သူတွေအပေါ် ဖိနှိပ် အနိုင်ကျင့်ရာမှာ အသုံးပြုတဲ့ ရင်းမြစ်တွေ ပိုမိုခမ်းခြောက်လာအောင် ဖိအားပေးနိုင်မှာ ဖြစ်တယ်လို့လည်း ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ အကြမ်းဖက်မှုနဲ့ ဘဏ္ဍာရေး ထောက်လှမ်းမှုဌာန အတွင်းဝန် ဘရိုင်ယန် နယ်လ်ဆန်က ပြောပါတယ်။

စစ်တပ်ကို လက်နက်၊ လေယာဉ်ဆီနဲ့ ငွေကြေးစီးဆင်းမှုများဖြတ်တောက်ဖို့ လုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီး တောင်းဆို
ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးဆုံးဖြတ်ချက် ချမှတ်ထားပေမယ့် စစ်တပ်ဟာ မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက်ကျူးလွန်နေတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာပြောပါတယ်။ မနေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး အစည်းအဝေးအပြီး ကောင်စီအဖွဲ့ဝင်(၁၃)နိုင်ငံကိုယ်စား ဗြိတိန်နိုင်ငံက လုံခြုံရေးကောင်စီရဲ့ ပူးတွဲကြေညာချက်(Joint Statement)ကို ဖတ်ကြားခဲ့သလို သံအမတ်ကြီးကလည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ စစ်တပ်ဟာ ဂျက်လေယာဉ်များနဲ့ ရဟတ်ယာဉ်များကို အသုံးပြုကာ ပြည်သူများနေထိုင်ရာ နေရာဒေသများသို့ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို မဆင်မခြင်၊ အလွန်အမင်း ပြုလုပ်နေလို့ စစ်တပ်ကို လက်နက်၊ လေယာဉ်ဆီနဲ့ ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပါတယ်။ ဒါ့အပြင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများဟာ ‘မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန် မည်ကဲ့သို့သော အခြေအနေ သို့မဟုတ် အကြောင်းအရာကို စောင့်ဆိုင်းနေသနည်း’လို့ သံအမတ်ကြီးက မေးခွန်းထုတ်ပါတယ်။

ပုဂ္ဂလိကဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ စစ်ကောင်စီကျပ်နှစ်သောင်းတန်အသုံးပြုပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့်အရေးယူမယ်လို့ NUG သတိပေး
ပုဂ္ဂလိကဘဏ်များနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများမှာ စစ်ကောင်စီထုတ်နှစ်သောင်းတန်များ အသုံးမပြုဖို့နဲ့ အသုံးပြုပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အပြစ်ပေးအရေးယူမယ်လို့ NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီထုတ်နှစ်သောင်းတန်ငွေစက္ကူများကို တရားမဝင်ငွေစက္ကူများအဖြစ် NUGကြားကာလဗဟိုဘဏ်က ထုတ်ပြန်ကြေညာပြီးဖြစ်လို့ အဲဒီငွေစက္ကူများကို လက်ဝယ်ထားရှိခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းနဲ့ တနည်းနည်းဖြင့် လွှဲပြောင်းခြင်းတို့ဟာ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုပြစ်မှုကျူးလွန်ရာရောက်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီထုတ်နှစ်သောင်းတန်ငွေစက္ကူများကို ငွေကြေးလည်ပတ်မှုမှာ အသိအမှတ်ပြုလက်ခံသုံးစွဲသော ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူများအနေနဲ့ အထောက်အထားနှင့်တကွ တိုင်ကြားကြဖို့လည်း ဖော်ပြထားပါတယ်။ တားမြစ်မိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ တားဆီးနှိမ်နှင်းအပြစ်ပေး အရေးယူသွားမယ်လို့ အသိပေးပါတယ်။

မင်းတုန်းနယ်မှာ စစ်ကောင်စီတပ်ကို PDFပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်ခဲ့၊ တိုက်ပွဲပြင်းထန်
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး အထိအခိုက်များပြားခဲ့တယ်လို့ သရက်ခရိုင်ပြည်သူ့ကာကွယ်ရေး အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ မနေ့က မင်းတုန်းမြို့နယ်၊ ကြို့ဝကျေးရွာနဲ့ ရွာသစ်ကျေးရွာအကြားစစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုကာ မိုင်းဆွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းသေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။

ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်သုံးဦးထိမှန်ဒဏ်ရာရ
ကရင်နီပြည် ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်သုံးဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီနေ့ထုတ်ပြန်ပါတယ်။ ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာတစ်ရွာကို စစ်ကောင်စီရဲ့အမှတ်(၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းက မနေ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး အသက် (၁၀)နှစ်အရွယ်၊ (၉)နှစ်အရွယ်နဲ့ (၈)နှစ်အရွယ် ကလေးငယ်သုံးဦး ထိမှန်ဒဏ်ရာရရှိခဲ့ကာ ကလေးငယ်တစ်ဦးမှာ အနည်းငယ် စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဖော်ပြပါတယ်။ တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများသို့ စစ်ကောင်စီက မကြာခဏလက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်နေလို့ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတယ်လို့လည်း KNDFက ဖော်ပြပါတယ်။

မြင်းခြံမှာ စစ်တပ်က ကျေးရွာများစစ်ကြောင်းထိုးပြီး ပြည်သူနှစ်ဦးကို သတ်ဖြတ်
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အရှေ့ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက ကျေးရွာများကို စစ်ကြောင်းထိုးကာ ပြည်သူပိုင်ပစ္စည်းများအား အဓမ္မသိမ်းယူနေပြီး ငါးရက်အတွင်း ဒေသခံပြည်သူ နှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ ဩဂုတ် ၂၂ ရက် နေ့ခင်းက မြင်းခြံမြို့နယ်၊ ကုက္ကဲဈေးတန်းသို့ ဈေးဝယ်သွားတဲ့ တပ်ကျေးရွာမှ ရွာသားတစ်ဦးကို စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ သြဂုတ် ၁၈ ရက် နေ့ခင်းပိုင်းကလည်း ပျားရွာအနီးမှာ စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး အလောင်းအား PDF ယူနီဖောင်းဖြင့် အုပ်သွားတယ်လို့ ဒေသခံများက ပြောပါတယ်။

မြန်မာဝမ်ပေါင်ကုမ္ပဏီဝင်း တပ်စွဲထားတဲ့ စစ်ကောင်စီ ရဲတပ်သားတစ်ဦး သေနတ်နှစ်လက်နဲ့ အလင်းဝင်လာ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြန်မာဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ ရဲတပ်သားတစ်ဦး သေနတ်နှစ်လက်နဲ့ ကျည်များဖြင့် အလင်းဝင်ရောက်လာတယ်လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ ဒီနေ့ မနက်က ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှ ရဲတပ်သားတစ်ဦးဟာ ဆားလင်းကြီးအခြေစိုက်သမန်းကျားတပ်ဖွဲ့ထံပူးပေါင်းလာခဲ့ပြီး အဲဒီရဲတပ်သားဟာ အူစီ တစ်လက်၊ G3 တစ်လက်၊ကျည်ဘောက် တစ်ခု၊ 7.62 ကျည် ၁၀ တောင့်၊ (၉) မမကျည် ၉ တောင့်နဲ့ စကားပြောစက်တစ်လုံးကိုပါ ယူဆောင်လာတယ်လို့ သိရပါတယ်။

ကျိုက်ထိုနယ် စစ်ကောင်စီလက်အောက်ခံ BGFမှ ဗိုလ်ဝင်းစိုးကို ပစ်ခတ်ရှင်းလင်း
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်ဝင်းစိုးအား ပစ်ခတ်ရှင်းလင်းခဲ့ရာ သေနတ်နှစ်လက်ရရှိတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်ပိုင်း BGFမှ ဗိုလ်ဝင်းစိုးမောင်းနှင်လာတဲ့ကားကို ကော့ထင်းကျေးရွာနဲ့ ဘိုရားကြီးကျေးရွာကြားရှိ တာဘောင်တံတားအရောက်မှာ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဗိုလ်ဝင်းစိုးဟာ စကစနဲ့ တရားဝင်ပေါင်းပြီး မှောင်ခိုစီး ပွားရေးနဲ့ လောင်းကစားတွေကို တွင်တွင်ကျယ်ကျယ်လုပ်နေတဲ့သူ ဖြစ်တယ်လို့ KRF တာဝန်ရှိသူက ပြောပါတယ်။

