ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊မနရွာ ကျောက်စိမ်းလုပ်ကွက် မြေစာပုံပြိုကျရာမှာ ပျောက်ဆုံးနေသူတွေထဲက ၂၅ ဦးရဲ့ရုပ်အလောင်းကို ဒီနေ့မှာ ပြန်လည်ရှာတွေ့ခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်တဲ့အဖွဲ့တွေထံက သိရပါတယ်။
မြေစာပုံပြိုကျပြီး ၂ ရက်အကြာ ဒီနေ့မနက်ပိုင်းမှာ နွံ့ကန်ထဲကနေ ရုပ်အလောင်းအချို့ပြန်ပေါ်လာတာပါ။
ဒီနေ့တစ်နေ့လုံးရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာ ညနေ ၅ နာရီဝန်းကျင်ထိ အမျိုးသား ရုပ်အလောင်း ၂၅ လောင်းတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
ရှာတွေ့ခဲ့တဲ့ ရုပ်အလောင်း ၂၅ လောင်းထဲမှာ ၅ ဦးသာ ပိုင်ရှင်မဲ့ ဖြစ်နေတယ်လို့လည်းသိရပါတယ်။
မြေစာပုံပြိုကျမှုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့သြဂုတ်လ ၁၃ ရက်ညနေပိုင်း ၃ နာရီခွဲဝန်ကျင်မှာဖြစ်ပွားတာပါ။
မြေစာပုံနဲ့အတူ နွံ့ကန်ထဲကို ရေမဆေးကျောက်ရှာဖွေသူ ၃၇ ဦးပါသွားတယ်လို့ လူမှုကူညီရေးအသင်းတွေက စာရင်းပြုစုထားပါတယ်။
ဒီနေ့အထိတော့ ပျောက်ဆုံးနေသူတွေထဲက ၂၅ ဦး အသက်သေဆုံးလျှက်ပြန်တွေ့ခဲ့ရတာပါ။
