ပြည်တွင်း၌ အမေရိကန်ဒေါ်လာရောင်းဝယ်မှုကိုထိန်းချုပ်သကဲ့သို့ ရွှေ၊ အိမ်ခြံမြေနှင့် ကားရောင်းဝယ်မှုများကိုလည်း စစ်ကောင်စီကအလုံးစုံထိန်းချုပ်ရန်စီစဥ်နေသည်။
စစ်ကောင်စီ၏ ရွှေ နှင့် ငွေကြေးဈေးကွက်စောင့်ကြည့်၊ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီ က သြဂုတ် ၁၂ ရက်ကပြုလုပ်သော အစည်းအဝေးတွင် ဒေါ်လာရောင်းဝယ်မှုများအားလုံးကို ထိန်းချုပ်ထားသော Online Trading စနစ်မှာအောင်မြင်သည့်အတွက် ရွေတုံး ၊ရွှေခဲ ၊အိမ်ခြံမြေနှင့် ကား ရောင်းဝယ်ခြင်းများကိုပါ ထိုစနစ်ဖြင့် ပြုလုပ်ရန်စတင်ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဗဟိုဘဏ်ကထုတ်ပြန်သည်။
စစ်ကောင်စီထိန်းချုပ်ထားသော ဘဏ်နှစ်ဘဏ်(MFTBနှင့် MICBဘဏ်)ကို အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်သောဇွန် ၂၂ရက်တွင် စစ်ကောင်စီ၏ ဗဟိုဘဏ်ကဘဏ်များတွင် နိုင်ငံခြားငွေရောင်းဝယ်မှုကို အနီးကပ်စောင့်ကြည့်ထိန်းချုပ်ထားသော ညွန်ကြားချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ထိုညွန့်ကြားစာတွင် နိုင်ငံခြားငွေအရောင်းအဝယ်များကို စစ်ကောင်စီက အွန်လိုင်းရောင်းဝယ်မှုစနစ်ဖြင့် ကြီးကြပ်ထိန်းချုပ်ထားသည်။
ထိုကြီးကြပ်သည့် စနစ်မှာ နိုင်ငံခြားငွေရောင်းဝယ်ခွင့်ရဘဏ်များသည်နံနက် ၁၀နာရီမှ ၁၁နာရီခွဲအကြားတွင် ဘဏ်နှင့် ဒေါ်လာဝယ်ယူမည့်လုပ်ငန်းရှင်များအကြားရောင်းဝယ်ရန် စီစဉ်ထားသည့် အရောင်းအဝယ်များ ၊ ဝယ်/ရောင်းလိုသည့် ကုမ္ပဏီစာရင်းကို ပူးတွဲပေးပို့ရမည်ဟုဆိုသည်။ဝယ်ယူလိုသည့်ကုမ္ပဏီဖြစ်စေ၊ ရောင်းချလိုသည့် ကုမ္ပဏီဖြစ်စေလုပ်ငန်းအမျိုးအစား၊ ဝင်ငွေရလမ်း၊ရောင်းဝယ်လိုသောပမာဏ ၊ဈေးနှုန်း ၊ဝယ်လိုသည့်အကြောင်းပြချက်များနှင့် ကိုယ်ရေးအချက်အလက်များကို ဘဏ်များကမှန်ကန်အောင်စစ်ဆေးရမည်ဟုဆိုထားသည်။
ထိုစာရင်းများကို ပုဂ္ဂလိကဘဏ်များကစစ်ဆေးပြီး နံနက် ၁၁ နာရီ နောက်ဆုံးထား၍ စစ်ကောင်စီဗဟိုဘဏိသို့ပို့ရမည်ဖြစ်ပြီး အရောင်းအဝယ်ပြုလုပ်ရမည့် ပမာဏ၊ ငွေလဲနှုန်းများကို စစ်ကောင်စီဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များနှင့်ညှိနှိုင်း ဆုံးဖြတ်မည်ဟုဆိုသည်။ ထိုနောက်တွင်မှ ရောင်းဝယ်ရမည်ပမာဏများကို စစ်ကောင်စီဗဟိုဘဏ်က နေ့လယ် ၁နာရီတွင်ဆုံးဖြတ် အကြောင်းပြန်မည်ဟုဆိုထားသည်။
ဗဟိုဘဏ်က ဆုံးဖြတ်ပေးသည့် အရောင်းအဝယ်များကိုသာ ဘဏ်များက ဝန်ဆောင်မှုပေးရမည်ဟုဆိုသည်။ ထိုကြောင့် ဒေါ်လာရောင်းဝယ်မှု လုပ်ငန်းစဥ်တစ်ခုလုံးကို စစ်ကောင်စီက အသေးစိပ်စောင့်ကြည့်ပြီး ဆုံးဖြတ်ချက်ကိုလည်း စစ်ကောင်စီဗဟိုဘဏ်ကပင်ချမည်ဖြစ်၍ စစ်ကောင်စီ ခွင့်မပြုလျှင် အရောင်းအဝယ်လုပ်မရအာင်ကန့်သတ်ထားခြင်းပင်ဖြစ်သည်။
စစ်ကောင်စီဗဟိုဘဏ်က ထိုစနစ်မှာအောင်မြင်သည့်အတွက်ရွှေတုံးရွှေခဲ ၊အိမ်ခြံမြေနှင့် ကားရောင်းဝယ်သောလုပ်ငန်းများကိုပါ Online Trading စနစ်အသုံးပြုရန် အတွက် စစ်ကောင်စီ၏ ထွေအုပ် ၊စသုံးလုံး ၊ အမှတ် (၂)သတ္ထုတွင်းလုပ်ငန်းတို့ပါဝင်သော အစည်းအဝေးတွင်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီက ထိုစနစ်အသုံးပြုလိုခြင်းမှာလုပ်ငန်းရှင်များကြားရင်းနှီးမြှပ်နှံမှု များသော ရွှေတုံးရွှေခဲ ၊ အိမ်ခြံမြေနှင့် ကားရောင်းဝယ်မှု ဈေးကွက်ကို ထိန်းချုပ်ပြီး အခွန်ကောက်ရန် ၊လုပ်ပိုင်ခွင့် ပါမစ်များကို စစ်ကောင်စီဝန်ထမ်းအရာရှိများက ခွင့်ပြုမှလုပ်ရသောစနစ်ဖြစ်၍ လာဘ်စားနိုင်ရန်ကြံစည်နေကြခြင်းဖြစ်ကြောင်း လုပ်ငန်းရှင် အချို့ကပြောသည်။
ဒေါ်လာကဲ့သို့ အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်ခြင်းကြောင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်အရေးယူနိုင်သည်ဟု စစ်ကောင်စီဖွဲ့စည်းထားသည့်ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှပ်နှံသူများပြီး အဝယ်လိုက်နေသော်လည်း ရောင်းချသူနည်းပါးသောကြောင့် ဈေးကွက်ပျက်နေသည်ဟု အိမ်ခြံမြေ အကျိုးဆောင်တဦးကပြောသည်။
“ဝယ်မယ့်သူတွေကရင်းနှီးထားချင်လို့အဝယ်လိုက်ရှာနေကြတာရောင်းမယ်သူက သိပ်မရှိဘူး”ဟု ၎င်းကဆက်ပြောသည်။
အိမ်ခြံမြေဈေးမှာစစ်ကောင်စီကထုတ်သည့်ကျပ်နှစ်သောင်းတန်ကြောင့် ဈေးနှစ်ဆမြင့်တက်သွားသည်ဟုလည်း သိရသည်။ စီးပွားရေးကောင်းသောကြောင့် ဈေးမြင့်တက်ခြင်းမဟုတ်ဘဲ နိုင်ငံရေးကြောင့် ကျပ်ငွေဖောင်းပွသဖြင့်ဈေးတက်ကုန်ခြင်းဖြစ်သည်ဟု၎င်းကရှင်းပြသည်။
ထိုအတူ ကားဈေးကွက်မှာလည်း အမြင့်ဆုံးဈေးကိုရောက်နေသဖြင့် အရောင်းအဝယ်တန့်နေသည်ဟု ကားအရောင်းအဝယ်သမားအချို့ကပြောသည်။
“ဒေါ်လာဈေး၊ရွှေဈေးကွက်ပျက်တော့ကားဘက်လှည့်လာတယ်။အခုတော့ကားတွေက ဈေးခေါင်ခိုက်နေတာမို့ အဝယ်သမားတွေ တန့်သွားတယ်”ဟု အရောင်းအဝယ်သမားတစ်ဦးကပြောသည်။
စစ်ကာင်စီကထိန်းချုပ်နေသော်လည်း ဒေါ်လာဈေးမှာ ဆက်တိုက်တက်နေပြီး ယနေ့(သြဂုတ် ၁၄)ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာကို ၃၆၄၀ ကျပ် နှင့် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၇ သိန်းကျော်( ၃,၇၂၀,၀၀၀) အထိမြင့်တက်နေခြင်းဖြစ်သည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
“ငွေလဲကောင်တာတွေကလည်း ပေါက်ဈေးထက် နည်းနည်းလျော့ဝယ်ကြတယ်။ ပြန်တော့မရောင်းပေးကြဘူး”ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြေသည်။
ဒေါ်လာဈေးမြင့်တက်လာခြင်းမှာ နိုင်ငံခြားငွေကြေးဈေးကစားသူများသည် ကောလဟာလသတင်းအများထုတ်လွှတ်ပြီး ငွေကြေးဈေးကွက် ကမောက်ကမဖြစ်စေရန် လှုံဆော်နေသည်ဟု စစ်ကောင်စီဗဟိုဘဏ်ဥက္ကဌက သြဂုတ် ၁၂ ရက်ကပြုလုပ်သောအစည်းအဝေးတွင်စွပ်စွဲသည်။ ပြည်ပမှ ပြည်တွင်းကို ငွေလွှဲရာတွင် ဟွန်ဒီစနစ်ကို အသုံးပြုနေခြင်းကို ကျော်ဇော သတင်းများအရ စစ်ဆေးဖော်ထုတ်ပြီး အရေးယူသွားမည်ဟုလည်း ၎င်းက ခြိမ်းခြောက်သည်။
ထိုပြင်ရွှေဈေးနှုန်းများတည်ငြိမ်မှုမရှိအောင်နှင့် ကမောက်ကမဖြစ်အောင် ဆောင်ရွက်နေသူများရှိသည်ဟုဆိုပြီး ၎င်းတို့ကိုလည်း စိစစ်မည်ဟု စစ်ကောင်စီဗဟိုဘဏ်ဥက္ကဌက ခြိမ်းခြောက်ထားသည်။
ဆိုရှယ်မီဒီယာများနှင့် အင်တာနက်ဝက်ဆိုဒ်များတွင် ရွှေနှင့်ဒေါ်လာဈေးနှုန်းများတင်ပေးနေသူများကိုလည်း မဟုတ်မမှတ်ဖော်ပြပြီး အကျိုးအမြတ်ရယူနေသူများဟု စစ်ကောင်စီလက်အောက်ခံ အဆိုပါလုပ်ငန်းကော်မတီအဖွဲ့ဝင်များက စွပ်စွဲခဲ့ကြသည်။
“ပြည်ပသွင်းကုန်ကိုပဲ မှီခိုနေရပြီး ပို့ကုန်မရှိတဲ့ နိုင်ငံမှာ ဒေါ်လာက ဆက်တက်ဦးမှာပါ။ ဒီဈေးနှုန်းတွေဖြစ်နေတာကလည်း ဈေးကွက်သဘောအရလဲ မဟုတ်ဘူး။ နိုင်ငံရေးအရဖြစ်လာတဲ့ မယုံကြည်မှုတွေကြောင့်ဖြစ်လာတဲံ ဈေးနှုန်းတွေပါ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
