အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်း၏ အပေါင်းအပါများ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ မေ ၁ ရက်မှ ၂၀၂၃ ဇူလိုင် ၃၁ ရက်အထိ နိုင်ငံတဝန်း လူနေအိမ် ၇၄,၈၇၄ လုံး ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar က ယမန်နေ့(သြဂုတ် ၈ ရက်)တွင် ထုတ်ပြန်သည်။
ဧရာဝတီတိုင်းမှ လွဲ၍ တိုင်းနဲ့ပြည်နယ်အားလုံးတွင် စစ်ကောင်စီတပ်နှင့် အပေါင်းအပါများက ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းက ၅၇,၅၀၃ ဖြင့် အများဆုံးဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ ဒုတိယအများဆုံးမှာ မကွေးတိုင်းဖြစ်ပြီး အိမ်ခြေ ၁၁,၀၂၆ လုံး ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar က ဖော်ပြသည်။

Data For Myanmar သည် နိုင်ငံတဝန်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုအခြေအနေကို ၂၀၂၁ မေလမှ စတင်ကာ လစဥ် တိုင်း၊ပြည်အလိုက်၊ မြို့နယ်အလိုက် မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများ၊ အိမ်ခြေအရေအတွက်ကို စာရင်းကောက်ယူ မှတ်တမ်းတင်ထားသည်။ စစ်ကောင်စီတပ်သားများနှင့် အပေါင်းအပါများကျူးလွန်သော ကျေးရွာတည်နေရာ လက်တီကျု၊ လောင်ဂျီကျု အမှတ်အသား များကိုလည်း Data For Myanmar က အတိအကျဖော်ပြသည်။
စစ်ကိုင်းနှင့် မကွေးတိုင်းတို့ နောက်တွင် ချင်းပြည်နယ်က ၁၆၃၇၊ ကချင်ပြည်နယ်က ၁၃၉၈၊ မန္တလေးတိုင်းက ၁၃၄၄၊ တနင်္သာရီတိုင်းက ၆၇၅၊ ကရင်နီပြည်နယ်က ၄၂၁၊ မွန်ပြည်နယ်က ၂၂၉၊ ပဲခူး(အရှေ့)က ၂၀၇၊ ရှမ်း(တောင်)က ၁၈၇၊ ကရင်ပြည်နယ်က ၁၅၈၊ ၊ ပဲခူး(အနောက်)က ၅၆၊ ရခိုင်ပြည်နယ်က ၁၃၊ ရှမ်း(မြောက်)က ၄ နှင့် ရန်ကုန်တိုင်းက ၁ လုံး စသဖြင့် ပြည်သူလူထု၏ နေအိမ်များကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ကြသည်။
