ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KIA တန်ပြန်ထိုးစစ်ဖြင့် တုံ့ပြန်တိုက်ခိုက်နေဟု ဒေသခံပြော
ကချင်ပြည်နယ် မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့ ညနေပိုင်းတွင် လက်နက်ကြီး၊ ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။
ဝိုင်းမော်မြို့နယ် ကဇူးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ဩဂုတ် ၅ရက် ညနေပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံး အခြေအနေကို မသိရသေးဟုဆိုသည်။
“ကဇူး စခန်းကို ဒရုန်း၊ လက်နက်ကြီးနဲ့ ထုတာ ။ ဒဘတ်ချောင်းနားက စခန်း။ ဒဘတ်ယာန်၊ ကဇူး၊ ဂါရာယန်ရွာချင်းဆက် ။ အခုထိတော့ မသိမ်းရသေးဘူး”ဟု ဒေသခံက ပြောသည်။
ကဇူးကျေးရွာမှ နမ်ဆန်ချောင်းအထိ စစ်ကောင်စီတပ်စခန်းများကို KIAက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းတစ်ခုပြီး တစ်ခု စစ်ကောင်စီတပ်က ဆုတ်ခွာနေရသည်ဟု ဆိုသည်။

“ဒီဘက်(KIA)ကနေကို ထိုးစစ်စတာ။ကဇူးကို သိမ်းပြီးရင်တော့ ခမရ(၃၂၁)ပဲကျန်တော့တယ်။ ရွှေညောင်ပင်လမ်းမှာ။ အဲဒါပြီးရင် အောင်မြေ(၁)မှာ လီဆူးပြည်သူ့စစ်ပဲရှိတော့တယ်။ ဝိုင်းမော်ရောက်ပြီ အဲဒါဆိုရင်။KIAနဲ့ MOD (ကာကွယ်ရေးဝန်ကြီးဌာန)ဘက်ကလည်း ဒရုန်းနဲ့ လက်နက်ကြီးနဲ့ပဲ အများဆုံးသုံးတယ်ဆိုတော့ သူတို့လည်း သိပ်မလှုပ်ရှားရဲကြတော့ဘူး။ အခုက ။သူတို့ ကိုယ်တိုင် စခန်းအပြင် မထွက်ရဲကြတော့ဘူး”ဟု ကချင်ဒေသခံက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း မလိချောင်းအနီးရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းက တုံ့ပြန်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်သည် ဇူလိုင်လဆန်းတွင် KIO/KIA ဌာနချုပ် လိုင်ဇာနှင့်နီးသည့် နမ့်ဆန်ယန်ဒေသသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သော်လည်း KIAနှင့် ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် အထိနာကာ လေကြောင်းပစ်ကူ လေးကြိမ်ထက်မနည်း အသုံးပြုခဲ့ရပြီး လက်နက်ကြီး ပစ်ခတ်မှုများလည်းလုပ်ဆောင်လျက်ရှိသည်။
