စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်တွင် ဇူလိုင် ၂၆ ရက်နှင့် ဇူလိုင် ၂၇ရက်က နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး အထိနာသွားသည့် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာမှ နေအိမ် ၁၂၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းရရှိသည်။
ကလေးခရိုင် တပ်ရင်း(၉)၊ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် သည် ကလေးဝမြို့နယ် ဂဇက်ကျေးရွာအနီးတွင် ဇူလိုင် ၂၅ ရက် ညကစ၍ စစ်ရေးတင်းမာခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၂၆ရက်နှင့် ၂၇ရက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။
” ခမရ (၃၀၉)နဲ့ ခမရ (၂၇၂)က နှစ်ရင်းပေါင်းပြီး အင်အား ၈၀ ကျော်နဲ့ စစ်ကြောင်းဝင်လာတာ။ ရွာကို ဝင်မယ်လို့ သတင်းကြိုရလို့ ရဲဘော်တွေက တိုက်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲအပြင်းအထန် မဖြစ်မီ ဇူလိုင် ၂၅ရက်ညတွင် စစ်ကောင်စီစစ်ကြောင်းသည် မိုင်းအကြိမ်ကြိမ်ထိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ဘက်က တစ်ယောက်မှ မထိဘူး။ စစ်ကောင်စီစစ်ကြောင်းကတော့ အထိအခိုက် များတယ်”ဟု၎င်းက ပြောသည်။
အထိနာပြီး ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ ညတွင် စစ်ကောင်စီအခြေစိုက်စခန်းရှိသည့် မစိန်ကျေးရွာသို့ ဝင်ရောက်သွားကြောင်း သတင်းရရှိသည်။
