ကရင်ပြည်နယ် မြ၀တီမြို့နယ် လက်ခတ်တောင်အနီး တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ၂ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးကာ ၁၄ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA) ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ဇူလိုင် ၂၄ရက်နှင့် ၂၅ရက်တိုက်ပွဲဖြစ်စဉ်များကို ယနေ့ညပိုင်း၌ ရုပ်သံမှတ်တမ်းနှင့်အတူ ဖော်ပြခဲ့ခြင်းဖြစ်သည်။
KNUပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူထားသော လက်ခတ်တောင်စခန်းကုန်းအား ပြန်လည်တိုက်ခိုက်ရန် စစ်ကောင်စီ၏ တပ်မ(၄၄)လက်အောက်ခံများဖြစ်သည့် ခမရ(၁၁၈)၊ လ(၈)၊ မ(၉)၊ မ(၂)တို့သည် လက်နက်ကြီးပစ်ကူများဖြင့် စစ်ကြောင်းထိုးကြိုးစားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့ စစ်ကြောင်းထိုးလာ၍ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ ဇူလိုင် ၂၄ရက် တိုက်ပွဲ၌ ရန်သူဘက်မှ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဇူလိုင် ၂၅ရက်တွင်လည်း လက်ခတ်တောင်ခြေအနီးအား ထပ်မံစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wings၊ ရောင်နီ တို့က တိုက်ခိုက်ခဲ့ရာ အဆိုပါတိုက်ပွဲတွင် ရန်သူဘက်မှ နှစ်ဦး သေဆုံးပြီး ၁၂ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။
တိုက်ပွဲ ၂ရက်တာအတွင်း ပူးပေါင်းတပ်များဘက်က ထိခိုက်မှုမရှိဟု အသိပေးထားသည်။
ဇူလိုင် ၂၄ရက် တိုက်ပွဲတွင် နှစ်ဖက်တပ်များအပြန်လှန် ပစ်ခတ်မှုအတွင်း အသက်(၄၀)အရွယ် ပြည်သူအမျိုးသမီး တစ်ဦး သေဆုံးကာ အသက်(၂၀)ခန့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။
ကော်ဘရာပါဝင်သည့် ပူးပေါင်းတပ်သည် ဇူလိုင် ၂၁ရက် နံနက်တွင် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်ဘက် သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။
