ကချင်ပြည်နယ် ဝိုင်းမော် – ကန်ပိုက်တီလမ်း၌ ယနေ့ နံနက်ကတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင်ဒေသခံသတင်းရင်းမြစ်က ပြောသည်။
ကန်ပိုက်တီမှ ဆင်းလာသည့် စစ်ကောင်စီတပ်ကို ဇူလိုင် ၂၆ရက် နံနက်၉နာရီခန့်တွင် KIA တပ်ရင်း(၃) တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်အား ဂေါ်နန်နှင့် လဂျောင်ရွာအကြား၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးဟု ဒေသခံက ပြောသည်။
ထို့ပြင် ယနေ့ မွန်းလွဲပိုင်း၌လည်း မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းရှိ မလိယန်မှ ဂျာပူရွာသို့ လာသည့် စစ်ကောင်စီတပ်ကို KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
KIAနှင့် စစ်ကောင်စီတပ်တို့သည် ယမန်နေ့ ဇူလိုင်၂၅ရက်ကလည်း မြစ်ကြီးနား ဗန်းမော်လမ်း နေရာ သုံးခု၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ယနေ့ညပိုင်းသတင်းတွင် ဖော်ပြထားသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှု ရှိကြောင်း ဒေသခံသတင်းရင်းမြစ် အချို့က ပြောကြားသော်လည်း သီးခြားအတည်ပြုချက်မရပေ။
