စစ်ကောင်စီကကျပ် ၂၀၀၀၀ တန်ထုတ်ဝေမည့်နောက်ဆက်တွဲဂယက်ကြောင့် အိမ်ခြံမြေ၊ကား၊ရွှေ နှင့်နိုင်ငံခြား ငွေလဲကောင်တာများ ပိတ်ထားရကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ဈေးကွက်အတွင်း ဈေးမဖွင့်သော်လည်း ရွှေဈေးနှင့် ဒေါ်လာဈေးမှာ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေပြီး အိမ်ခြံမြေနှင့်ကားအရောင်းအများစုလဲ အခြေအနေကို စောင့်ကြည့်ရန် အရောင်းအဝယ်ရပ်ထားကြသည်ဟု လုပ်ငန်းရှင်များကပြောသည်။
ဈေးကွက်အတွင်းအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၅သိန်းဖြင့် အများဆုံးအရောင်းအဝယ်ဖြစ်ပြီး ဈေးကွက်ပေါက်ဈေးမှ ကျပ် ၃၃သိန်းမှ ၃၆သိန်းအတွင်းရှိသည်ဟု ရွှေအရောင်းအဝယ်သမားထံမှသိရသည်။
“ဈေးကွက်ထဲမှာတော့ ပါးစပ်ဈေးအတိုင်းပဲရောင်းဝယ်နေကြတာ။ ဆိုင်တွေက ပြန်ဝယ်တယ်။ အရောင်းမရှိဘူး”ဟု ရွှေအရောင်းအဝယ်သမားတစ်ဦးကပြောသည်။
ရွှေဆိုင်အများစုကလည်းပိတ်ထားကြောင်းနှင့် အကယ်ဒမီကဲ့သို့ ရွှေတုံးရွှေခဲများက ရောင်းချမည့်သူမရှိကြောင်း ရွှေဝယ်ရန်ကြိုးစားခဲ့သူတစ်ဦးကပြောသည်။
စစ်ကောင်စီက ရွှေဈေးမတက်စေရန်ဆိုကာ ရွှေလုပ်ငန်းရှင်အချို့ကို ဖမ်းဆီးထားသည်ဟုလည်း ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှသိရသည်။
ဒေါ်လာဈေးမှာလည်း တစ်ဒေါ်ကို ၃၃၀၀ကျပ်မှ ၃၆၀၀ကျပ်အတွင်းရောင်းဝယ်နေကြပြီး ၃၄၀၀ ကျပ်ဖြင့်အများဆုံးအရောင်းအဝယ်ဖြစ်နေသည်ဟု ငွေလဲလုပ်ငန်းဆောင်ရွက်သူများကပြောသည်။
ထိုဈေးနှုန်းများသည် မှောင်ခိုဈေးကွက်တွင်ရောင်းဝယ်နေခြင်းဖြစ်ပြီး ငွေလဲကောင်တာအများစုမှ ပိတ်ထားကြောင်း ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။
လက်ရှိတွင် ဒေါ်လာဈေးသာမက ထိုင်းဘတ်ဈေးနှင့်တရုတ်ယွမ်ဈေးမပါလိုက်လံမြင့်တက်နေပြီး ထိုင်းတစ်ဘတ်ကို ၉၂ ကျပ် နှင့် တရုတ်တယွမ်ကို ၄၁၇ကျပ် ပေါက်ဈေးရှိနေသည်။
အိမ်ခြံမြေဈေးကွက်အတွင်း ဝယ်ရောင်းအများစုမှာလည်း အခြေအနေများကို စောင့်ကြည့်ရန် ရပ်နားထားကြကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောသည်။ လက်ရှိ တိုက်ခန်းအရောင်းအဝယ်သာအနည်းအငယ်ရှိသော်လည်းအများစုမှ ဈေးကွက်ရပ်နားထားသည်ဟု၎င်းကဆိုသည်။
“အိမ်ခြံမြေဈေးက ကျူးကျော်ဆိုပြီးဖျက်တာရယ်။အခုငွေစက္ကူအသစ်ရိုက်ထုတ်မှာဆိုတာနဲ့လူတွေက မရောင်းရဲကြဘူး။ မဖြစ်မနေလိုငွေလိုတဲ့သူတွေပဲ ရောင်းကြတယ်”ဟု ၎င်းကဆက်ပြောသည်။
ကားဈေးကွက်မှာလည်းဈေးထိုးတက်သွားခြင်းကြောင့် ဝယ်ယူသူရှားနေသည်ဟုလည်း ကားဝယ်ရောင်းသမားများကဆိုသည်။ ဈေးနှုန်းဆက်လက်မြင့်တက်မည်ကို ကြိုတင်ခန့်မှန်းထားခြင်းကြောင့် အရောင်းမလုပ်ခြင်းဖြစ်သည်ဟုလည်း ဝယ်ရောင်းသမားတစ်ဦးကပြောသည်။
အာဏာသိမ်းစစ်ကောင်စီက တည်ထားသည့် ဘုရားနှင့် ဆင်ဖြူတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျပ် ၂၀၀၀၀တန်ငွေစက္ကူများကို ဇူလိုင် ၃၁ ရက်တွင်စတင်ဖြန့်ဝေမည်ဟု
ဇူလိုင် ၂၃ ရက်ကကြေညာခဲ့သည်။သို့သော် စစ်ကောင်စီမှာ ဘက်ဂျက်လိုငွေပြနေပြီး ဘဏ္ဍာရေးအကြပ်အတည်းကိုဖြေရှင်းရန် ကျပ် ၂၀၀၀၀ တန် များထုတ်ဝေဖြေရှင်းရန် ကြံစည်ခြင်းဖြစ်ကြောင်းစီးပွားရေးပညာရှင်အချို့က သုံးသပ်သည်။
ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါသော ၁၀၀၀ ကျပ်တန်ငွေစက္ကူများကို ပြန်ရုပ်သိမ်းမည်ဟု သတင်းများလည်းကျယ်ပြန့်စွာထွက်ပေါ်နေသည်။
ထိုဂယက်ကြောင့် ဈေးကွက်အတွင်း ကုန်ပစ္စည်းဈေးနှုန်းများ ကမောက်ကမဖြစ်နေကြောင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။ လက်ရှိအချိန်တွင် စီးပွားရေးလုပ်ငန်းများသည် အလွန်အမင်းတင်းကြပ်သည့် စည်းမျဉ်းများအောက်တွင်စိုးရိမ်ရေမှတ်ရောက်နေသည်ဟုလည်း ၎င်းကဆိုသည်။
