ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ်တွင် KNLA/PDF မဟာမိတ်တပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၄၀ကျော်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်က သတင်းထုတ်ပြန် သည်။
ကျောက်တံခါးမြို့နယ် နံဇကျေးရွာအနီးတွင် ဇူလိုင် ၁၉ရက် ညက တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်၊ရဲနှင့် ပျုစောထီးအင်အား ၄၀၀ခန့်သည် စစ်ကြောင်း နှစ်ကြောင်းဖြန့်ခွဲ၍ ဝင်ရောက်လာရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) မဟာမိတ် ပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။
တိုက်ပွဲဖြစ်ပွားမှုမှာ ၁နာရီခန့်သာ ကြာမြင့်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် အပါအဝင် ၃၃ဦး သေဆုံးကာ တပ်ရင်းမှူးအပါအဝင် ၄၈ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။
ဒဏ်ရာရသူများအနက် ၂၀ဦးမှာအတွင်းလူနာအဖြစ် တောင်ငူဆေးရုံ၌ ကုသနေရပြီး ဆေးရုံအရောက်တွင် နှစ်ဦး ထပ်မံသေဆုံးသွားသည်ဟု ဖော်ပြသည်။
စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်အခြေအနေနှင့်ပတ်သက်ပြီး People’s Spring အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
အဆိုပါတိုက်ပွဲအတွင်း KNLA/PDF မဟာမိတ် ပူးပေါင်းတပ်များမှ ရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။
