ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီ၏ ဝန်ကြီးအိမ်ရာနှင့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တို့ကို PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့(ဇူလိုင် ၁၇)ည ၁၁နာရီခန့်က စစ်ကောင်စီ၏ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးဌာနအိမ်ရာအတွင်းသို့ (၈၁) မမ လက်နက်ကြီး သုံးလုံး၊ နယ်စပ်ရေးရာဌာနသို့ နှစ်လုံးနှင့် အိမ်ရာအပြင်ဘက်သို့ နှစ်လုံး အသီးသီးပစ်ခတ်ခဲ့ကြောင်း LLPDF က ပြောသည်။
အလားတူ ကင်းပုန်းအပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးခန့်ရှိနေသည့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အား (၈၁)မမ လက်နက်ကြီး လေးလုံးခန့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု ဆိုသည်။
“ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် ကျွန်တော်တို့ စုံစမ်းနေတုန်းပါခင်ဗျာ”ဟု LLPDF မှ တာဝန်ရှိသူတစ်ဦးက people’s Spring သို့ ပြောသည်။
ပြီးခဲ့သည့် မေလ ၃၁ ရက်ကလည်း ထားဝယ်မြို့ပေါ်ရှိ အထက်ပါ စစ်ကောင်စီတိုင်းအစိုးရ ဝန်ကြီးများအိမ်ရာကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
