မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင်ဧရာဝတီမြစ်အတွင်း ဖြတ်သန်းလာသော စစ်သင်္ဘော၂စီးနှင့် ရွာအထိုင်ချစစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင်လ ၁၂ ရက်နေ့မွန်းလွဲပိုင်းက ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံမှ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာသော စစ်သင်္ဘော ၂စီးသည် မြစ်ကမ်းဘေးရှိကျေးရွာများကို လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ရာ အဆောက်အဦးအချို့ ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံများကပြောသည်။

စစ်အုပ်စု၏ ပစ်ခတ်မှုကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း မြစ်ကမ်းဘေးကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
“ပထမ ၅ စီးတက်တာ။ ၂စီးက ဧရာဝတီဘက်ဆန်တတ်ပြီး ၃ စီးက ချင်းတွင်းဘက် ဆန်တက်သွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင်ဇူလိုင်လ ၁၂ ရက်နေ့ညပိုင်းကလည်း တောင်အို၊ တာတိုင်ရွာဘက်မှ စစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ သမန္တပို့ရွာ နေအိမ်တစ်လုံးကို ထိမှန်ပြီး ပြည်သူနှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ လက်နက်ကြီးများကြောင့် ကျေးရွာနေပြည်သူများလည်း ရွာကိုစွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

ရေစကြိုမြို့ပေါ်တွင်လည်း စစ်အုပ်စုသည် ဇူလိုင်လ၁၁ရက်နေ့က ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးအား လိုက်လံပစ်ခတ်ခဲ့၍ တစ်ဦးသေဆုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကလည်း စစ်အုပ်စု၏ ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးသေဆုံးခဲ့သေးသည်။
