▪︎စစ်ကောင်စီတပ်ရင်းအချို့ပိတ်မိနေ၊ လေကြောင်းမှ ကျည်၊ရိက္ခာများဖြည့်တင်းဟုဆို
ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့အနီး နန်ဆန်ယာန်ဒေသသို့စစ်ကောင်စီတပ်က စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး လှုပ်ရှားလာ၍ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်း ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဇွန်လ ၁၆ရက်တွင်နန်ဆန်ယာန်ရွာအနီးတိုက်ပွဲဖြစ်ပွားပြီးနောက်ဇူလိုင် ၃ရက်မှစ၍ ယင်းဒေသ၌ပင် စစ်အင်အားများဖြည့်တင်းထိုးစစ်ဆင်လာ၍ ယနေ့အထိ တိုက်ပွဲများဖြစ်ပွားခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း နေ့စဉ်လိုလို ပြုလုပ်လျက်ရှိသည်ဟုဆိုသည်။
“လိုင်ဇာနားရှိနမ့်ဆန်ယာန်ဘက် စကစ ဘက်က တပ်ရင်း ၈ရင်းထိုးထားတယ်။ နေ့တိုင်းတိုက်ပွဲပြင်းထန်နေတယ်။”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါဒေသသို့ စစ်ကြောင်းထိုးထားသည့် စစ်ကောင်စီတပ်များမှာ ခြေလျင်တပ်ရင်း-ခလရ(၁၃)၊ (၁၇)၊ (၁၀၃)၊ (၂၃၆)၊ (၈၃) (၇၇) တပ်များနှင့်ခြေမြန်တပ်ရင်း-ခမရ(၃၁၈)၊ (၃၈၅) တပ်များဖြစ်သည်ဟု သိရသည်။
“ လ -၁၃/၂၃၆/၁၀၃ ထိခိုက်ကျဆုံးများနေတယ်။ ကြားမှာပိတ်မိနေတယ်။ လေယာဉ်ဗုံးကြဲတာ မရှိသေး။” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဇူလိုင် ၈ရက် ညပိုင်းတွင် လေကြောင်းမှ ရိက္ခာနှင့် ကျည်များ လာရောက်ချပေးသွားကြောင်း ၎င်းက ဆက်ပြောသည်။
နန်ဆန်ယာန်ဒေသတိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက စစ်အင်အားများဖြည့်တင်းနေမှုကို KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောကြားထားပြီး အသေးစိတ် အခြေအနေများကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။
စစ်ကောင်စီတပ် စစ်ကြောင်းများထိုးလာသဖြင့်ဒေသခံများမှာ လိုင်ဇာနှင့် ဝိုင်းမော်ဘက်သို့ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းဒေသခံများကပြောသည်။ ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်၌ တစ်ကျော့ပြန်စစ်ပွဲများဖြစ်ပွားခဲ့ရာတန်ဆန်ယာန်ရွာ ဒေသခံပြည်သူများအားလုံးစစ်ဘေးရှောင်ခဲ့ရသည်။ မိုင်းနှင့်နယ်မြေရှင်းလင်းပြီးနောက် ၂၀၁၈ တွင် စ၍မိသားစုအချို့ပြန်လည်နေထိုင်ကြပြီး ယခုနောက်ပိုင်းတွင်မိသားစုအများစုပြတ်လည်နေထိုင်ကြရာမှ ယခုထပ်ဖြစ်၍ ထပ်မံထွက်ပြေးတိမ်းရှောင်ကြရခြင်းဖြစ်သည်။
ကချင်ပြည်နယ် ဆဒုံး-ကန်ပိုက်တီးဒေသ၊ တနိုင်းလီဒိုလမ်း ဝါဒရာဇွပ်ဒေသ၊ မြစ်ကြီးနား – ဗန်းမော်လမ်း ဒေါ့ဖုန်းယာန်ဒေသ တို့တွင် KIAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်သည့် လိုင်ဇာဌာနချုပ်နှင့် နီးသော မိုင်ဆက်ပါဒေသသို့ လက်နက်ကြီးများ ဖြင့်ပစ်ခတ်ခဲ့သည်ဟုဆိုသည်။
ထိုအပြင်ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်တွင်လည်း KIAနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး အသေးစိတ် အခြေအနေကို စုံစမ်းဆဲဖြစ်သည်။
