စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ယမန်နေ့ကဈေးသည် ခုနှစ်ဦးအား သတ်ဖြတ်သွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့တွင် အရာတော်မြို့နယ် မင်းရွာကို ရောက်ရှိလာပြီး ရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများကပြောသည်။
အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပိစစ်ကြောင်းသည်ဇူလိုင် ၆ ရက်နံနက် ၄ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ သမ္မရိုးရွာတွင် ဈေးသည် ခုနစ်ဦးကိုပစ်ခတိ သတ်ဖြတ်သွားခဲ့သည်။ ထိုစစ်ကြောင်းသည် ယနေ့ (ဇူလိုင် ၇ ရက်)တွင်အရာတော်မြို့နယ် မင်းရွာကို ရောက်ရှိလာခြင်းဖြစ်သည်ဟုဒေသခံများကပြောသည်။
“ဝက်လက်နဲ့အရာတော်က တစ်ဆက်ထဲ။ မနေ့က သမ္မရိုးမှာ ဈေးသည်တွေကို သတ်သွားတဲ့ စစ်ကြောင်းက မင်းရွာကို မီးရှို့သွားတယ်” ဟု ဝက်လက်မြို့မှ ပြည်သူ့ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် အရပ်သားများကို လူသားတံတိုင်းလုပ်ကာ ရွာများကို စစ်ကြောင်းထိုးနေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။
ဇူလိုင် ၆ ရက်က စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူများမှာ သမ္မရိုးရွာမှ ဦးသိန်းလှိုင်(အသက်၆၂နှစ်)၊ ဦးဖိုးလွင်(၅၅နှစ်)၊ကိုလွင်မိုး(၂၇နှစ်)၊ ဒေါ်နှင်းလှိုင်(၅၇နှစ်)၊ဒေါ်ပွေလီ(၄၆နှစ်)၊မအေးနုဝင်း(၄၀နှစ်)နှင့် ကူးတို့ကိုင်းရွာမှမဖြူဖြူစန်း(၃၀နှစ်) တို့ ဖြစ်သည်။
ထို့အပြင် ဦးတင်ဝင်း၊ဦးမြင့်သောင်း ၊ဒေါ်ခင်မာကြူ၊မခင်မျိုးသူ(ကိုယ်ဝန်ဆောင်)၊ဒေါ်နှင်းရီ ၊ဒေါ်ယုတို့ ဒဏ်ရာရခဲ့ကြောင်းသတင်းရရှိသည်။သေဆုံးသူများ၏ နာရေးကို ယမန်နေ့က နေချင်းပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
