ပဲခူးတိုင်း၊ မင်းလှမြို့မရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ရဲတပ်သားတစ်ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ (ဇူလိုင် ၆ ရက်)ညနေ ၃ နာရီခန့်က မင်းလှမြို့မရဲစခန်းပေါ်တွင် အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်သားချစ်ထွေးဆိုသူ သေဆုံးသွားသည်ဟု ရဲစခန်းအနီးနေသူက People’s Spring ကို ပြောသည်။
“ပစ်တဲ့ရဲက အရာရှိထဲကတဲ့။ ချစ်ထွေးကတော့ သေသွားတယ်။ မင်းလှစခန်းကရဲတွေလည်း မူးရူးနေတာများတယ်”ဟု အဆိုပါဒေသခံကပြောသည်။
နိုင်ငံတစ်ဝန်း ခုခံတွန်းလှန်မှု ပိုအားကောင်းလာချိန်တွင်စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်အချင်းချင်းကြား အချင်းများပြီး ပစ်ခတ်မှုများမကြာခဏ ဖြစ်ပေါ်နေသည်။ ယခု မင်းလှရဲစခန်းဖြစ်စဉ်အပါအဝင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်သတ်ဖြတ်မှုသည် ၁၁ ရက်အတွင်း သုံးကြိမ်မြောက်ဖြစ်သည်။
ဇူလိုင်လ ၄ ရက်နေ့က ဧရာဝတီတိုင်း၊ မအူပင်မြို့စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ် အရာရှိနှစ်ဦး စကားများကာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးစလုံးသေဆုံးသွားခဲ့သည်။
ဇွန်လ ၂၇ရက်ကလည်း ဧရာဝတီတိုင်း၊ဟင်္သာတမြို့မှ အမှတ်(၂) နယ်မြေရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်သားတစ်ဦးသေဆုံးခဲ့သည်။
