ထိုင်း − မြန်မာနယ်စပ် အနီးရှိ အာဏာသိမ်း စစ်တပ်ရဲ့ ကွီလုံတိုင်စခန်း ဆီ ရိက္ခာနဲ့ခဲယမ်းပို့ဆောင်မယ့် စစ်ကြောင်းကို ကရင့်ပူးပေါင်းတပ်က ဇွန်လ ပထမ ပတ်အတွင်း ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ရိက္ခာနဲ့ခဲယမ်းပို့ဆောင်မယ့် စစ်ကြောင်းကို ဇွန်လ ၃ ရက်မနက် ၅နာရီ ခွဲမှာ KNU နဲ့ အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ S.O.F က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဟာ တစ်နေ့ကုန် နီးပါးဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က အထိနာပြီး ပြန်ဆုတ်သွားတယ်လို့ S.O.F က ဆိုထားပါတယ်။
တိုက်ပွဲအတွင်း ကရင့်ပူးပေါင်းတပ်ဘက်က ၅ ဦး ဗုံးစထိမှန်ခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ S.O.F ရဲ့ထုတ်ပြန်ချက် မှာဖော်ပြပါတယ်။
KNU တပ်မဟာ ၆ နယ်မြေထဲမှာရှိတဲ့ ကွီလုံတိုင်တပ်စခန်းဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း ကရင့်ပူးပေါင်းတပ်တွေရဲ့ ဝင်တိုက်စီးနင်းတိုက်ခိုက်တာ ခံခဲ့ရဖူးပါတယ်။
မှတ်ချက် ။ ။ ဇွန်လ ၁၃ ရက် ညနေ ၃ နာရီ အချိန်မှာ သတင်းကိုပြန်လည်ပြင်ဆင်ထားပါတယ်။
