▪️ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးကျဆုံး
ရှမ်း – ကယား(ကရင်နီ)ဒေသအစပ် မိုးဗြဲမြို့တိုက်ပွဲ စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်းသေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးကျဆုံးကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ထုတ်ပြန်သည်။
အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF B-01)၊ က ရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-03) နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF)တို့နှင့် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဟု ဆိုသည်။
ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တာဝေးပစ်လက်နက်ကြီး အလုံး (၁၀၀)ကျော် ပစ်ကူပေးခဲ့ကြောင်းလည်း MBPDFက အသိပေးသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်း သေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။
“မိုးဗြဲ မြို့ပေါ်က စကစ တပ်စွဲထားတဲ့နေရာတွေကို ဝင်တိုက်တာ မနက်အစော ကတည်းက နေ့လည် ကျော်လောက်မှ ပြီးတာ”ဟု မိုးဗြဲမြို့ခံ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်စဥ်် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ ရဲဘော် တစ် ဦး၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-03) မှ ရဲ့ဘော်နှစ်ဦး နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF)မှ ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့ရသည်။ထို့အပြင် ရဲဘော် သုံးဦးဒဏ်ရာရရှိကာ စနစ်တကျ ဆေးကုသခံယူနေသည်။
မိုးဗြဲမြို့တွင် စစ်ရေးအခြေအနေတင်းမာလျှက်ရှိရာ ပြည်သူများအနေဖြင့်တိုက်ပွဲများဖြစ်ပွားရာနေရာများနှင့် အနီးတစ်ဝိုက်တွင် အသွားအလာများ မပြုလုပ်ရန် ၊မိုးဗြဲ – ပီကင်းလမ်းကိုဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် MBPDF က သတိပေးသည်။
မိုးဗြဲမြို့တွင်းသို့ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် အင်အား ၄၀၀ ခန့်ဖြင့် စည်ကား (၂)ရပ်ကွက်၌ တပ်စွဲထားသည်။
စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲထားသည့် စည်ကား (၂)ရပ်ကွက်၌ အရပ်သားပြည်သူ ငါးဦး ကို အကြောင်းမဲ့ ပစ်သတ်ထားပြီး ထိုအနက် မိန်း ကလေးငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားများက အဓမ္မပြုကျင့်ခဲ့သည်။
မေလ ၂၇ ရက်ကစ၍ နှစ်ပတ်အတွင်း(ယနေ့အထိ) မိုးဗြဲ မြို့နေ ဒေသခံပြည်သူအမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး ငါးဦး သေဆုံးထားကာ အသက်မပြည့်သေးသည့်ကလေးငယ် သုံးဦးပါဝင်သည်။
