▪︎လတ်တလော မိုးဗြဲ ၊ဖယ်ခုံတို့တွင်ပါတိုက်ပွဲပြင်းထန်နေပြီး စစ်ရေးပိုကျယ်ပြန့်လာ
ကရင်နီ(ကယား)ပြည်နယ်၌ နှစ်နှစ်တာကာလအတွင်း ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ပြီး တိုက်ပွဲပေါင်း ၃၄၀ ကြိမ်ဖြစ်ပွားခဲ့ကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပြောသည်။
လွိုင်ကော်မြို့နယ်တွင် ( ၁၆၂) ကြိမ်၊ ဖရူဆိုမြို့နယ်တွင် ( ၁၁၃) ကြိမ်၊ ဖယ်ခုံမြို့နယ်တွင် အကြိမ်ရေ (၁၇၀) ၊ ပင်လောင်းမြို့နယ်တွင် (၄၉) ကြိမ်၊ ဘောလခဲမြို့နယ်တွင် (၆၇) ၊ ရှားတောမြို့နယ်တွင် (၂၂) ကြိမ်၊ ဖားဆောင်းမြို့နယ် နှစ်ကြိမ် နှင့် မယ်စဲ့မြို့နယ်တို့တွင် လေးကြိမ်ဖြစ်ပွားခဲ့သည်ဟုသိရသည်။ထိုကြောင့် ကရင်နီပြည်တွင် ၂ နှစ်အတွင်းတိုက်ပွဲအကြိမ်ရေ စုစုပေါင်း ၉၃၀ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအများဆုံးဖြစ်သော ဒီးမော့ဆို မြို့နယ်မှာ ဒုတိယတိုက်ပွဲအများဆုံးဖြစ်ပွားသောလွိုင်ကော်မြို့နယ်ထက်ပင် တိုက်ပွဲအကြိမ်ရေ နှစ်ဆကျော်ပိုများနေသည်။
ဒီးမော့ဆို မြို့နယ်အရှေ့ပိုင်းကို စစ်တပ်က အဓိကပစ်မှတ်ထားတိုက်ခိုက်နေပြီး ဗျူဟာအရအရေးပါသောကြောင့်ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF စစ်ရေးချုပ် ခူးရီးဒူ က People’s Spring သို့ပြောထားသည်။
“တကယ်လို့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း သူတို့(စစ်ကောင်စီ) နေရာရသွားမယ်ဆိုလို့ရှိရင်တော့ သေချာတယ် ဒီးမော့ဆို အရှေ့ခြမ်းမှာက ဘောလခဲနဲ့ တိုက် ရိုက်ချိတ်တယ်။ ဖရူဆိုနဲ့ တိုက်ရိုက်သွားလို့ရတယ်။ ရှားတောကို တိုက်ရိုက်သွားလို့ရတယ်။ ဆိုတော့ သူတို့တွေကလည်း အဓိကလမ်းကြောင်းတွေကို အင်အားအလုံးအရင်းတွေ ဆက်ပြီးတော့မှ ထိုးမယ်ပေါ့နော်။ ထိုးလည်းထိုးနေတယ်။ တိုက်ပွဲတွေက ဒီထက်ပိုပြီးမှ ပြင်းထန်မယ်။ ကျနော်တို့တွေက အခြားရွေးချယ်စရာတွေ မရှိဘူး။ ခုခံစစ်နဲ့ တန်ပြန်တိုက်စစ်ဆင်နွှဲ ဖို့ကလွဲလို့ ကျနော်တို့မှာ ရွေးချယ်စရာမရှိဘူး”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် “ဟု KNDFစစ်ရေးချုပ် ခူးရီးဒူ ကပြောသည်။

ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်၏ အုပ်ချုပ်ရေးယန္တရားမှာ လွိုင်ကော်မြို့တစ်မြို့တွင် သာ ကျန်ရှိပြီး တိုက်ပွဲဖြစ်ပွားနေသော ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့နှင့် ဘောလခဲမြို့တို့တွင်ပြည်သူများမရှိကြတော့ဘဲ စစ်ကောင်စီတပ်ရင်းများနှင့် ၄င်းတို့၏ မိသားစုဝင်များသာ ကျန်ရစ်ခဲ့သည်ဟုကရင်နီတော်လှန်ရေးအင်အားစုများကပြောသည်။
ကျန်မြို့နယ်များမှာ စစ်ကောင်စီတပ်များရှိနေသော်လည်း သက်ဆိုင်ရာ တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များ၏ စီမံအုပ်ချုပ်မှုအောက်တွင်ရှိသည်။
အလားတူ စစ်ကောင်စီထိန်းချုပ်ထားသော မြို့ပေါ်ရပ်ကွက်များမှအပ ကျန်မြို့နယ်နှင့်ဒေသများသည် သက်ဆိုင်ရာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှု အောက်တွင်ရှိကြောင်း KNDF က အသိပေးသည်။

“အခုနောက်ပိုင်းစစ်မျက်နှာပိုကျယ်လာတယ်။အခုစစ်ကောင်စီဘက်က မိုးဗြဲ ကို ပြန်လည်ထိုးစစ်ဆင်လာ တာလဲ ခုခံနေတယ်။နောက်ပြီး ဖယ်ခုံ တောင်စလုံး ဘက် မှာလဲ တိုက်ပွဲက ဖြစ်နေသေးတယ်။ဒီးမော့ဆို အရှေ့ခြမ်းမှာကလည်း အချိန်မရွေး ဖြစ်နိုင်နေတယ်။ဒါက ကရင်နီရဲ့ နောက် ဆုံးစစ်ရေးအခြေအနေလို့ပဲ ပြောရမယ်”ဟု KNDF တာဝန်ရှိသူကPeople’s Spring သို့ ပြောသည်။
ကရင်နီပြည်တစ်ဝှမ်းတွင် ၂၀၂၁ခုနှစ်၊ မေလ မှစ၍ တိုက်ပွဲပေါင်း (၁,၀၀၀)ကျော် ဖြစ်ပွားခဲ့ပြီး KNDF နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲများတွင်စစ်ကောင်စီတပ်မှ ၂,၀၆၅ ကျော်ကို သုတ်သင်နိုင်ခဲ့သည်ဟု KNDFကအသိပေးသည်။
ထို့အပြင်စစ်ကောင်စီတပ်သား ( ၄၁) ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ပြီးတိုက်ပွဲများအတွင်း KNDF မှ ရဲဘော် ၁၅၃ ဦး ကျဆုံးခဲ့သည်။
စစ်ကောင်စီတပ်၏ ရှေ့တန်းစခန်း (၁၀) ခုအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆေးရေးဂိတ်အချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသည်။ ၂ နှစ်တာကာလအတွင်း စစ်ကောင်စီတပ်များထံမှ လက်နက်ကြီး ၄၉ လက်၊ လက်နက်ငယ် ၂၇၀ လက်နှင့် ခဲယမ်းများအမြောက်အများကိုကရင်နီတပ်ပေါင်းစုက သိမ်းဆည်းရမိခဲ့သည်။

၂၀၂၁ခုနှစ်၊ မေလမှစ၍ စစ်ကောင်စီတပ်သည် ကရင်နီပြည်အတွင်း နယ်မြေခံတပ်ရင်းများအပြင် တပ်မ (၆၆)၊ တပ်မ (၉၉)၊ စကခ (၂)၊ စကခ(၇) နှင့် တပ်မ (၁၀၁) စသော တပ်မ (၅) ခုဖြင့် ထိုးစစ်ဆင်ခဲ့သည်။
စကခ(၇)၊ စကခ(၂)နှင့် တပ်မ(၆၆) တို့အား ရှမ်းပြည်တောင်ပိုင်းနှင့် ရှမ်းကယားနယ်စပ်တွင် တပ်ဖြန့်ထားသည့်အပြင် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ် တို့တွင်လည်း နယ်မြေခံတပ်ရင်း နှင့် တပ်မ(၆၆)တို့အား လှုပ်ရှားတပ်ဖြန့်ထားသည်။
ဒီးမောဆိုမြို့နယ် အရှေ့ဘက်ခြမ်း၊ ဘောလခဲ နှင့် ဖရူဆို မြို့နယ်တို့တွင် နယ်မြေခံတပ်ရင်းများအပြင် တပ်မ (၉၉)၊ စကခ (၂) နှင့် တပ်မ(၁၀၁)တပ်ရင်းများ စစ်ကြောင်းထိုးလှုပ်ရှား ခဲ့သည်။
အဆိုပါ တပ်မ(၅)ခုအနက် တပ်မ (၆၆) ရှိ တပ်ရင်းများမှာ ဖွဲ့စည်းပုံပျက်သည်အထိ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး တပ်မ (၆၆ )အား အားဖြည့်ရန်အတွက် တပ်မ (၉၉ )၊ တပ်မ (၁၀၁) နှင့် စကခ ( ၂) တို့အား ကရင်နီပြည်အတွင်း ထပ်မံအားဖြည့် ထိုးစစ်ဆင်လာကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

ယခုနောက်ပိုင်း ပိုမိုအထိနာလာသည့် စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ပိုမိုပြု လုပ်လာခဲ့ပြီး နှစ်နှစ်အတွင်းလက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုတို့အပြင် တရားမဲ့ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ (၁၅၂)ဦးသေဆုံးခဲ့ရပြီး၊ (၁၆၂) ဦးထိခိုက်ဒဏ်ရာရခဲ့သည်။
စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးမှု၊လက်နက်ကြီးဖြင့်တိုက်ခိုက်မှုနှင့် လေကြောင်းဖြင့်တိုက်ခိုက်မှုတို့ကြောင့် လူနေအိမ်(၄၂၂) ကျော်ပျက်စီးခဲ့ပြီး၊ ဘာသာရေးအဆောက်အဦး (၁၂)လုံး နှင့် စာသင်ကျောင်း(၆)လုံး၊ ဆေးခန်း(၁၆)လုံး ထိခိုက်ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်မှ ကရင်နီပြည် နှင့် ရှမ်း ပြည်နယ်တောင်ပိုင်းတို့တွင် ရဟန်းသံဃာများအပါ အဝင် အရပ်သားများအား အစုလိုက်အပြုံလိုက်သတ် ဖြတ်မှုနှစ်ကြိမ် ကျူးလွန်ခဲ့သည်။
