လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖြိုဖျက်ပြီး ပပျောက်အောင် လုပ်ဆောင်ရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ဥက္ကဋ္ဌသစ်ပဒိုစောကွယ်ထူးဝင်းက ပြောလိုက်ပါတယ်။
ကရင်လူငယ်အစည်းအရုံး (KYO )ရဲ့ ၃၄ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ပြုလုပ်တဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ KNU ဥက္ကဋ္ဌက လူငယ်တွေကို ထည့်သွင်းပြောကြားခဲ့တာပါ။
ကရင်အမျိုးသားတွေရဲ့တော်လှန်ရေးအောင်မြင်ဖို့ဆိုရင် လူမျိုးကြီးဝါဒနဲ့အာဏာရှင်စနစ်ပပျောက်ဖို့ ဆောင်ရွက်ရမယ်လို့ဆိုပါတယ်။
” ခေတ်အဆက်ဆက်က ကျွန်တော်တို့ ကရင့်ခေါင်းဆောင် ကရင်လူငယ်တွေ ဆောင်ရွက်လာခဲ့တယ်။ မအောင်မြင်သေးဘူး၊သမိုင်းပေးတာဝန်ကို ကျွန်တော်တို့ဆက်လက်ပြီး ထမ်းဆောင်ရမှာဖြစ်တယ်” လို့ KNU ဥက္ကဋ္ဌက စကားဝိုင်းဆွေးနွေးပွဲမှာပြောပါတယ်။
တော်လှန်ရေး ရှေ့ဆက်သွားနိုင်ဖို့နဲ့ အောင်မြင်ဖို့ အတွက် လူငယ်တွေရဲ့ ပူးပေါင်းပါဝင်မှု အရေးကြီးတယ်လို့လည်း ပြောပါတယ်။
တော်လှန်ရေးအောင်မြင်ဖို့အတွက် ဆိုရင် မျိုးချစ်စိတ်ဓာတ်ရှိဖို့လည်းလိုပြီး ပညာရေးစနစ်ထည့်သွင်းသင်ကြားရမယ်လို့လည်း ဆိုပါတယ်။
KNU ဥက္ကဋ္ဌဖြစ်လာသူ ပဒိုစောကွယ်ထူးဝင်းဟာ မြိတ်-ထားဝယ်ခရိုင်ရဲ့ ကရင်လူငယ်အစည်းအရုံး(KYO) ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးဖြစ်ပါတယ်။
