▪︎မုန်တိုင်းကြောင့် ရခိုင်ဒေသ အိုးအိမ်ပျက်စီးမှုများရှိ
ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ဒေသမြို့နယ်အများအပြား နေအိမ်အဆောက်အအုံများပျက်စီးမှုများစွာရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။

မုန်တိုင်းတိုက်ခိုက်မှုအပြီး စစ်တွေ၊ တောင်ကုတ်၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဍားကျွန်း၊ သံတွဲ၊ မောင်တောမြို့နယ်များမှာ မြို့ပေါ်နဲ့ နယ်ဘက်ရှိ ပြည်သူလူထုနေအိမ်များပျက်စီးမှု၊ သစ်ပင်ပြိုလဲမှုများရှိတယ်လို့ သိရပါတယ်။ ပေါက်တော၊ မြေပုံမြို့နယ်များမှာ ထိခိုက်ပျက်စီးမှုများရှိနိုင်ပြီး အဲဒီဒေသရှိ ဒေသခံများထံ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပါဘူး။

စစ်တွေ မြို့ခံတစ်ဦးကတော့ တစ်မြို့လုံး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး နေအိမ်အမိုးလန်တာတော့ အနည်းဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။စစ်တွေမြို့မှာ အနည်းဆုံး ပြည်သူ ၃ ဦးသေဆုံးခဲ့ပါတယ်။

▪︎မုန်တိုင်းကြောင့်မိုးသည်းပြီးပုဂံဘုရားအချို့ ထိခိုက်ပျက်စီး
ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ညောင်ဦးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ပုဂံဒေသက နာမည်ကြီး ဘုရားအချို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။ မုန်တိုင်း မြန်မာနိုင်ငံကို မဖြတ်သန်းမီ တစ်ရက်အလို မေလ ၁၃ ရက်ကတည်းက ညောင်ဦးမြို့နယ်ထဲမှာ မိုးကြီးခဲ့တာပါ။ မေလ ၁၃ နဲ့ ၁၄ ရက်တွေမှာ မိုးကြီးပြီး ပုဂံဘုရားတွေမှာ မိုးရေယိုကျတာ ၊ ဘုရာပရဝုဏ်ထဲ ရေဝင်တာ၊ ရင်ပြင် ၊ မုဒ်ဦးနဲ့ တံတိုင်းတွေ ပြိုကျတာတွေ ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
▪︎မုန်တိုင်းမိုးကြောင့် စစ်ကိုင်းတိုင်း မြို့နယ်ငါးခုရှိ ရွာချင်းဆက်လမ်းနဲ့ စိုက်ခင်းများ ပျက်စီး
စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးနဲ့ အရာတော်မြို့နယ်များမှာ မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး လမ်းပိုင်းအချို့ပျက်စီးကာ သီးနှံစိုက်ခင်းများလည်း ဆုံးရှုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ တစ်ဖက်မှာလည်း စစ်ကြောင်းထိုးနေလို့ စစ်ဘေးရှောင်ပြည်သူများ သွားရေးလာရေးအခက်အခဲများဖြစ်ပေါ်နေပြီး စားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်နေတယ်လို့ ယင်းမာပင်နယ်အခြေစိုက် ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ဗဟို)က အသိပေးပါတယ်။

▪︎မြ၀တီမြို့နယ် သုံးရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ရှစ်ဦးသေ၊ ၂၇ ဦးဒဏ်ရာရ
ကရင်ပြည်နယ် မြဝတီမြို့နယ် လက်ခတ်တောင်နဲ့ ကျောက်မိုင်းဒေသတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး မေလ ၁၁ မှ ၁၃ ရက်အတွင်း စစ်ကောင်စီတပ်မှ ရှစ်ဦးသေ၊ အနည်းဆုံး၂၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။ ပူးပေါင်းတပ်ဘက်က တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ(၆) ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle စတဲ့ ပူးပေါင်းတပ်ဖွဲ့များနဲ့ စစ်ကောင်စီရဲ့ ခမရ(၁၁၈)၊ လ(၈)၊ ခလရ(၂၇၅)၊ BGF(၁၀၁၉)တပ်ရင်းတို့ ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

▪︎စစ်ကောင်စီရဲ့ အစုလိုက်၊အပြုံလိုက်သတ်နေမှု နိုင်ငံတကာ လျစ်လျူရှုမနေရေး တွန်းအားပေးရမယ်လို့ KNU ပြော
အာဏာသိမ်းစစ်ကောင်စီက ပြည်သူများကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်နေခြင်းအပေါ် နိုင်ငံတကာက လျစ်လျူရှုမထားရေး တွန်းအားပေးရမည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက KNU ညောင်လေးပင်ခရိုင် ညောင်ပင်သာရွာမှ ဒေသခံပြည်သူ ၂၀ ဦးကို စစ်ကောင်စီတပ်က အစုလိုက်၊အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့ခြင်းနဲ့ပတ်သက်လို့ ပဒိုစောကလယ်စေးက ပြောဆိုခဲ့တာပါ။ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ညောင်ပင်သာရွာမှ ကလေးငယ်နဲ့ အမျိုးသမီးအများစုပါဝင်တဲ့ ၁၉ ဦးကို မီးရှို့သတ်ဖြတ်ကာ အခြားတစ်ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ KNU ထုတ်ပြန်ထားပါတယ်။
▪︎ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီခေါင်းဆောင်က မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို မှတ်ချက်ပေး ပြောကြား
ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Move Forward ပါတီ (MFP) ဥက္ကဋ္ဌ အသက် ၄၂ နှစ်အရွယ် ပီတာ လင်ဂျာရိုအန်ရတ်က သူ့ရဲ့ မိန့်ခွန်းမှာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ တချို့ကို ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။ အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သူ့ရဲ့ မူဝါဒကို ပြောကြားရာမှာတော့ ထိုင်းနဲ့ မြန်မာကြား လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းကူး စင်္ကြန်တစ်ခု ပေါ်ထွန်းလာရေးကို ဦးစားပေး ခြေလှမ်းအနေနဲ့ စတင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ မြန်မာပြည်သူတွေက ကိုယ့်နိုင်ငံ အကျပ်အတည်းကို ကိုယ်တိုင် ဖြေရှင်းနိုင်တာ သေချာစေဖို့အတွက် လိုအပ်တဲ့ ဖိအားပေးမှု၊ မက်လုံးပေးမှုတွေကို ဖော်ဆောင်နိုင်အောင် ထိုင်းနိုင်ငံကလည်း နိုင်ငံတကာ အသိုက်အဝန်းနဲ့ အတူလုပ်ဆောင်သင့်တယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံက ပိုမိုအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်သင့်တယ်လို့လည်း ပီတာက အသိအမှတ်ပြုခဲ့ပါတယ်။

▪︎မိုခါမုန်တိုင်းအားပျော့ပျက်ပြယ်
မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကိုဖြတ်ကျော်ဝင်ရောက်ကာ ကုန်တွင်းမုန်တိုင်းအဖြစ် တိုက်ခတ်ပြီးတဲ့နောက် ဒီနေ့မှာအင်အားလျော့ကျလာခဲ့ရာကနေ လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့ပျက်ပြယ်တော့မယ်လို့ အိန္ဒိယမိုးဇလက ထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ မုန်တိုင်းငယ်ဟာ စစ်တွေမြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၄၁၀ အကွာ၊ ညောင်ဦးမြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၂၆၀ အကွာ၊ နေပြည်တော်ရဲ့ မြောက်၊အရှေ့မြောက်ဘက် ၃၅၄ မိုင်ကျော်အကွာ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်နဲ့ နမ့်ခမ်းကြားမှာရှိနေပါတယ်။ မုန်တိုင်းငယ်ဟာ ဆက်လက်အားလျော့နည်းလာရင်း နာရီအနည်းငယ်အတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်ကနေ ပျက်ပြယ်သွားလိမ့်မယ်လို့ IMD က ဒီနေ့မနက်ပိုင်းက ခန့်မှန်းပါတယ်။

