ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းပျူရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျုစောထီးများကိုပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ပျူစောထီး စုစုပေါင်း ၂၀ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲတပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သောကာကွယ်ရေးအဖွဲ့အချို့ကပြောသည်။
ဇီးဖြူကုန်းပျူရွာမှ စစ်ကောင်စီနှင့်ပျုစောထီးပူးပေါင်းတပ်ကို KLG PDF ကျောက်လုံးကြီး၊ဒီပဲယင်းဂဠုန်တပ်တော်၊ မိုးကြိုးမုန်တိုင်းအဖွဲ့၊ မဟာညီနောင်ဘွား၊ဒေါင်းလုလင် LPDF၊spring guerrilla platoon၊ ရွှေဘို ဒီပဲယင်း မဟာမိတ်ညီနောင် တို့က မေလ ၉ရက်နံနက် ၄နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဘန်ကာလေးခုရှိတာ။သုံးခုသိမ်းပြီးနေပြီ။တစ်ခုပဲကျန်တော့တာ။ ပျူရွာသုံးရွာကနေ စစ်ကူတွေ ကားနဲ့လာလို့နောက်ပြန်ဆုတ်ခဲ့ရတာ”ဟု KLG PDF ပြောရေးဆိုခွင့်ရှိသူက People’s Spring သတင်းဌာနသို့ပြောသည်။

တိုက်ပွဲသည် ၂နာရီခန့်အထိကြာခဲ့ပြီး စစ်ကောင်စီနှင့် ပျူစောထီး ၂၀ဦးထက်မနည်းသေဆုံးသူကို မျက်မြင်တွေ့ခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။
စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု အရေအတွက်ကိုသီးခြားအတည်မပြုနိုင်သော်လည်း People’s Springကြည့်ရှုခွင့်ရသော ရုပ်သံမှတ်တမ်းတွင် ပျူစောထီး ၅ ၊၆ ဦးခန့် လဲကျနေသည်ကိုတွေ့ရသည်။
ပြည်သူ့ကာကွယ်ရေးရဲဘော်လေးဦးမှာ အသေးစားဒဏ်ရာများသာရရှိခြင်းဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း သတင်းရရှိသည်။ တိုက်ပွဲမှ ပြန်ရောက်လာသော PDFများကို ဒေသခံများက အောင်သပြေဖြင့်ကြိုဆိုကြသည်ကိုလည်းတွေ့ရသည်။
