အာဏာသိမ်းစစ်ကောင်စီချန်လှပ်ခံရတဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်စပ်အစည်းအဝေးတွေကို ဒီနေ့စတင်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေပါပြီ။
ဒီနေ့ မေလ ၉ ရက်မှာတော့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ကျင်းပပါတယ်။ အဲဒီအစည်းအဝေးမှာ စစ်ကောင်စီကို တက်ခွင့်မပေးဘဲ မြန်မာထိုင်ခုံကို အလွတ်ထားတာတွေ့ရပါတယ်။

အစည်းအဝေးမှတ်တမ်းပုံတွေအရ မြန်မာကလွဲရင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေစုံစုံလင်လင်တက်ရောက်ကြပါတယ်။
ဒီနေ့မှာ ၂၆ ကြိမ်မြောက် အာဆီယံ နိုင်ငံရေး − လုံခြုံရေး ကောင်စီအစည်းအဝေးနဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အစည်းအဝေးတွေပြုလုပ်မှာပါ။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ကို မြန်မာ့အရေး ဖြေရှင်းဖို့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်အကောင်အထည်မဖော်လို့ဆိုပြီး အာဆီယံအစည်းအဝေးတွေကိုတက်ခွင့်မပေးဘဲ ပစ်ပယ်ထားတာပါ။
