မန္တလေးတိုင်း၊ အမရပူရမြို့နယ် စိတ်ကျန်းမာရေးဆေးရုံရဲ့ ဝန်ထမ်းလိုင်းခန်းမှာ သူနာပြု ဆရာမ တစ်ဦး အသက်ရှုကြပ်ပြီး မနေ့ညပိုင်းက သေဆုံးသွားတယ်လို့ စစ်ကောင်စီကသတင်း ဖော်ပြလာပါတယ်။
ဝန်ထမ်းလိုင်းခန်းမှာ နေထိုင်သူ အသက် ၅၈ နှစ်အရွယ် သူနာပြုဆရာမဟာ မီးစက်မောင်းပြီး အခန်းအလုံပိတ်ကာ လေအေးပေးစက်ဖွင့် အိပ်စက်ခဲ့တယ်လို့သိရပါတယ်။
နောက်တစ်နေ့မနက်ပိုင်းမှာ မှောက်ရက်သေဆုံးနေတယ်ဆိုတဲ့သတင်းပေးချက်အရ သွားရောက် ကြည့်ရှုရာမှာ အသက်ရှုကြပ်ပြီးသေဆုံးတဲ့ လက္ခဏာ တွေ့ခဲ့ရတယ်လို့ စစ်ကောင်စီ ရဲတပ်ဖွဲ့ရဲ့ရဲမှတ်တမ်းအရသိရပါတယ်။
အိပ်ပျော်နေချိန် မီးစက်က ထွက်လာတဲ့ မီးခိုးတွေကို ရှုရှိုက်မိပြီး အသက်ရှုကြပ်ကာ သေဆုံးသွားခဲ့တာလို့ ရဲမှတ်တမ်းကဆိုထားပါတယ်။
သေဆုံးသူ သူနာပြုဆရာမဟာ လိုင်းခန်းမှာ တစ်ဦးတည်းနေထိုင်သူဖြစ်တယ်လို့သိရပါတယ်။
