ကရင်နီပြည်နယ်(ကယား)မြေပြင်တိုက်ပွဲများတွင် သေဆုံးထိခိုက်မှုများပြီးအထိနာနေသောစစ်ကောင်စီတပ်ကလူထုအပေါ်ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများဆက်တိုက်ကျူးလွန်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေး တပ် KNDF တာဝန်ရှိသူက People’s Springသတင်းဌာနသို့ပြောသည်။
မတ်လဆန်းပိုင်းကစ၍ ကရင်နီ(ကယား)ပြည်နယ် ဒေသတွင်းသို့ စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကိုကရင်နီတပ်ပေါင်းစုကခုခံတိုက်ခိုက်နေပြီးတိုက်ပွဲအများစုတွင်စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများပြားနေသောကြောင့် လက်နက်ကြီးများ အပါအဝင်လေကြောင်းမှပစ်ခတ်မှုများအဆမတန် နေ့စဥ် ပြုလုပ်လာခြင်းဟု၎င်းကဆက်ပြော သည်။

“ဒီလထဲမှာ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ ထိတွေ့မှုရှိတယ်။ အခုရက်တော့ ပြန် ငြိမ်နေတယ်။ဒါပေမယ့် တိုက်ပွဲမရှိဘဲ လူထု(စစ်ဘေးရှောင်ပြည်သူများ)ရှိရာ နေရာဖြစ်တဲ့ ဒီးမော့ဆို အနောက်ဘက်ခြမ်းကို စစ် ကောင်စီဘက်ကလက်နက်ကြီးနဲ့ရော လေယာဥ်နဲ့ပါ ပစ်တယ်။ဒီနေ့မနက်ပိုင်းဆိုလည်း လက်နက်ကြီး နဲ့ပစ်တယ်။အဲဒီလိုမျိုးက အရင်ကလည်းရှိတယ်။ဒါပေမယ့် အခု နောက်ပိုင်းခပ်စိပ်စိပ်လုပ်နေတာ”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
ယခုရက်ပိုင်းအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီး၊လေယာဥ်ဖြင့် ပစ်ခတ်နေသည့် နေရာသည် KNDF တပ်ဖွဲ့မရှိကြောင်း ၎င်းကဆက်ပြောသည်။

“အဲဒီနေရာတွေကတိုက်ပွဲလုံးဝမရှိဘူး။တကယ့်ပြည်သူလူထုတွေရှိတဲ့နေရာ။ပြောရမယ်ဆိုရင် ပြည်သူလူထုကိုပါသူတို့ရဲ့ ရန်သူသဖွယ်သတ်မှတ်လာတာ”ဟု KNDF တာဝန်ရှိသူက ရှင်းပြသည်။
၂၀၂၃ ဧပြီလကုန်ပိုင်းတွင် KNDF ၏ ထုတ်ပြန်ချက်အရစစ်ကောင်စီတပ်သည် စစ်မျက်နှာအသီးသီးတွင် ထိခိုက်ကျဆုံးမှုများပြားလျက်ရှိသဖြင့် ဧပြီလအတွင်းလေကြောင်းဖြင့်၁၀၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ် သား(၁)ဦး သေဆုံးကာ (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဖော်ပြထားသည်။
ထို့အတူ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ(၁)ဦးသေဆုံးကာ(၆)ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီများ၏ ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်မှုကြောင့်ပြည်သူ(၁)ဦးသေဆုံးခဲ့ကြောင်းဖော်ပြထားသည်။
လေကြောင်းတိုက်ခိုက်မှု နှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် လူနေအိမ်ပေါင်း (၂၀)ကျော်ပျက်စီးခဲ့ရပြီး ပြည်သူ့ဆေးရုံ နှင့် ကိုယ်ထူကိုယ်ထ ဆေးရုံ (၂) ရုံ၊ ကျေးရွာ ဆေးပေးခန်း (၂) ခန်း ထိခိုက်ပျက်စီးခဲ့သည်။ ထို့အတူ လက်နက်ကြီး ကျရောက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း (၁) ကျောင်း ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်များသည် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများ၊ စစ်ရှောင်စခန်းများနှင့် လူထုအခြေပြု ဆေးရုံ၊ ဆေးခန်းများကို လေကြောင်းဖြင့် တိုက်ခိုက်ခြင်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော် ပြသည်။
ကရင်နီပြည်နယ်တွင်လွိုင်ကော်မြို့နယ်၊ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ် နှင့် ဖားဆောင်းမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ်များသို့စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင်(၅)ခု ဖွင့်ကာ ထိုးစစ်ဆင်နေသည်မှာ နှစ်လကျော်ကြာမြင်လာခဲ့ ပြီဖြစ်သည်။

တိုက်ပွဲများပြင်းထန်ခဲ့သောမတ်လအတွင်းထိတွေ့တိုက်ပွဲ ၁၀၂ ကြိမ်တွင် စစ်ကောင်စီတပ်သား ၂၈၁ ဦးသေဆုံးကာ အရှင် ၁၃ ဦး CDM တစ်ဦး အပါအဝင် လက်နက်ကြီးငယ် ၆၀ လက်ရရှိခဲ့သည်။ထို့အပြင်ဧပြီ လအတွင်း တိုက်ပွဲများ၌လည်း စစ်ကောင်စီတပ်သား ၇၀ ဦးထက်မနည်းသေဆုံးပြီး သုံးဦး အရှင်ဖမ်းမိကာလက်နက်ကြီး၊လက်နက်ငယ်၅၉လက်နှင့်ခဲယမ်းများစွာသိမ်းဆည်းနိုင်ခဲ့သည်။
ချင်းပြည်နယ် ၊ကရင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်းစသော စစ်ကာင်စီတပ်ကို ခုခံတွန်းလှန်မှု အားကောင်သောဒေသများတွင်လည်း စစ်တပ်က ပြည်သူလူထုအပေါ် ပစ်မှတ်ထား၍ တိုက်ခိုက်မှုများပြုလုပ်နေသည်။
