▪︎TNLA နှင့်၅ရက်ဆက် မြေပြင်တိုက်ပွဲဖြစ်ပြီးသေဆုံးရဲဘော်အလောင်းများပင် မရှင်းနိုင်ဘဲ အထိနာခဲ့သော်လည်း အောင်ပွဲရရှိခဲ့ဟန်ဝါဒဖြန့်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်စခန်းရှိရာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာရွာအနီးသို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်များ သုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၍ ၅ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် TNLA နှင့် နားလည်မှုလွဲပြီး ပစ်ခတ်မှု အချို့သာရှိခဲ့ခြင်းဖြစ်ပြီး ၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များထံမှလက်နက်များသိမ်းဆည်းရရှိခဲ့ကြောင်းစစ်ကောင်စီကလိမ်ညာသတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၇ရက် မွန်းလွဲပိုင်း၌ ရဟတ်ယာဉ် ၅စီးဖြင့် ကုန်းသာရွာနှင့်အနီးသို့ ရုတ်တရက်စစ်အင်အားများချကာ ထိုးစစ်ဆင်လာ၍ TNLA တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကပြောသည်။ ဒီဇင်ဘာ ၇ရက်မှ ဒီဇင်ဘာ ၁၁ရက် ညပိုင်းအထိ နေ့ရောညပါတိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများပြီးအထိနာခဲ့သည်။စစ်ကောင်စီတပ်ကတိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ ဖြင့် အကြိမ် ၄၀ကျော် လာရောက်ပစ်ခတ်သကဲ့သို့ နမ့်ဆန်နှင့် မန်တုံ မြို့နယ်တို့မှ လက်နက်ကြီး ပစ်ကူများ ပေး၍ တိုက်ခိုက်ခဲ့ကြောင်းဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကPeople’s Springသို့ပြောသည်။

သို့ရာတွင် စစ်ကောင်စီက၎င်းတို့၏ ဝါဒဖြန့် သတင်းဌာများမှတစ်ဆင့် ဒီဇင်ဘာ ၁၇ ရက်ညတွင်သတင်းထုတ်ပြန်ရာ၌ TNLA နှင့် နားလည်မှု လွဲကာ ပစ်ခတ်မှု တချို့ ဖြစ်ပွားခဲ့မှုအပေါ် TNLA အားရှင်းလင်း အသိပေးခဲ့ပြီး ဖြစ်ကြောင်း နှင့် PDFများထံမှ လက်နက်များ သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြခဲ့သည်။ကုန်းသာတိုက်ပွဲသည်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) တို့နှင့်သာ သက်ဆိုင်ပြီး TNLA နှင့် တိုက်ပွဲမှာနားလည်မှုလွဲခြင်းသာဖြစ်ကြောင်း စစ်ကောင်စီတပ်ကထုတ်ပြန်သည်။
ထို့အပြင်သေနတ်များ သိမ်းဆည်းရရှိခဲ့မှုနှင့် စစ်ကောင်စီတပ်သားများ အောင်ပွဲခံနေသည့် ဓာတ်ပုံကိုပါ ဖော်ပြကာ စစ်ကောင်စီတပ်ကအောင်ပွဲရရှိခဲ့ဟန် ဝါဒဖြန့်ထုတ်ပြန်ခဲ့သည်။

TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်ကမူ နမ့်ဆန်မြို့နယ် ကုန်းသာတိုက်ပွဲ၌ TNLA တပ်ဖွဲ့ တစ်ဖွဲ့တည်းသာ ပါဝင်ကြောင်း၊ အဆိုပါဒေသ၌ TNLA တစ်ဖွဲ့တည်းသာ ရှိကြောင်း တိုက်ပွဲကာလအတွင်းက People’s Spring သတင်းဌာနသို့ ဖြေကြားထားသည်။
တိုက်ပွဲဖြစ်ပွားရာဒေသ မြေပြင်သို့ ရောက်ရှိပြီး သတင်းများ ဖော်ပြနေသည့် တအာင်းသတင်းဌာနရွှေဖီမြေကဖော်ပြရာတွင် စစ်ကောင်စီတပ်သည် ကုန်းသာရွာအနီးရှိ TNLA တပ်စခန်းကို သိမ်းယူပြီး လက်နက်ရှိသည်ဟု ယူဆရသည့် ဂိုဒေါင်မှ လက်နက်များယူပြီး ရဟတ်ယာဉ်ဖြင့် သယ်ရန် စီစဉ်ခဲ့သော်လည်း TNLA တပ်က ပစ်ခတ်တိုက်ခိုက်၍စစ်ကောင်စီတပ်၏ အစီအစဉ်ပျက်ခဲ့သည်ဟုပါရှိသည်။
စစ်ကောင်စီတပ်သည် TNLA က လျှို့ဝှက် သိမ်းဆည်းထားသည့် လက်နက်အချို့ကို သိမ်းဆည်းရရှိသွားကြောင်း၊ သို့ရာတွင်သယ်ယူရန် အခက်အခဲရှိ၍ လက်နက်ခဲယမ်းများကို ဖျက်ဆီးသွားကြောင်းရွှေဖီမြေကဖော်ပြထားသည်။ကနဦးတွင် စစ်ကောင်စီတပ်သည် ရရှိထားသည့် လက်နက်များကို ရဟတ်ယာဉ်ဖြင့်သယ်ယူရန်လုပ်ခဲ့သော်လည်း ၎င်းတို့၏ လူကိုပင် ပြန်ကယ်ထုတ်မရသည့် အခြေအနေဖြစ်ခဲ့သည်ဟု လည်းသိရသည်။
စစ်ကောင်စီတပ်သားများ ကုန်းသာရွာမှ မိုးမိတ်ဘက်သို့ ပြန်လည် ဆုတ်ခွာစဉ် TNLAက လိုက်လံရှင်းလင်းရာ စစ်ကောင်စီတပ်သား အလောင်း ၁၅လောင်းထက်မနည်းကို တွေ့ရှိခဲ့ကြောင်း TNLA တပ်သားများကို ကိုးကားပြီး ရွှေဖီမြေက ဖော်ကြထားသည်။ ထို့ပြင် စစ်ကောင်စီတပ်သား ၂ဦး အရှင်ဖမ်းမိခဲ့သည်ကို အတည်ပြုနိုင်သည်ဟုပါရှိသည်။
ကုန်းသာတိုက်ပွဲသတင်းဓာတ်ပုံများ၌လည်း ကုန်းသာဘုန်းကြီးကျောင်းဝင်းအတွင်း တန်းစီချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးထက်မနည်းသော အလောင်းများကို တွေ့ရပြီး TNLAကသိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများကိုလည်း တွေ့ရသည်။ အဆိုပါအလောင်းများကို TNLA
တပ်ဖွဲ့ဝင်များက ရှင်းလင်းနေသည့် ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများလည်းတွေ့ရသည်။
“စကစက အရေးပေါ် ပြန်ဆုတ်သွားတော့ TNLA ဘက်က ရှင်းသွားတဲ့ ပုံစံမျိုးတွေ့ရတယ်။ တချို့အလောင်းတွေ စကစက မြေမြှုပ်သွားတာတော့ရှိတယ်” ဟု တိုက်ပွဲဖြစ်ပွားရာနယ်မြေသို့ ရောက်ရှိခဲ့သည့် ဒေသခံတစ်ဦးက People’s Spring သတင်းဌာနသို့ ဖြေကြားသည်။
ကုန်းသာတိုက်ပွဲနှင့်ပတ်သက်ပြီး TNLA ဘက်က သတင်းမီဒီယာများသို့ ဖြေကြားရာ၌ နှစ်ဖက် ထိခိုက်ကျဆုံးရှိသည်ဟုသာ ဖြေကြားပြီး အသေးစိတ် အခြေအနေများကို ပြောဆိုခြင်းမပြုပေ။
“တိုက်ပွဲကလည်း ဘယ်လိုအခြေအနေမျိုးကြောင့် ဘယ်လိုဖြစ်နေလဲဆိုတော့ တစ်ဖက်နဲ့ တစ်ဖက်က သတင်းအချို့ကို ထိန်ချန်ထားတာမျိုးတွေ့ရတယ်။အသေးစိတ်မသိရဘူးဖြစ်နေတယ်။ မြေပြင်အခြေအနေလောက်ပဲ ကျနော်တို့ သိရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီ၏လိမ်ညာသတင်းထုတ်ပြန်မှုနှင့်ပတ်သတ်ပြီး မေးမြန်းရန် TNLA သတင်းပြန်ကြားရေးဌာနမှူးဒုဗိုလ်မှူးကြီး တားအိုက်ကျော်ထံ ယနေ့ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။
သတင်းဌာနများကTNLA နှင့်မြေပြင်အခြေအနေများကိုသတင်းရယူဖော်ပြမှုကြောင့် အဖြစ်မှန်ကို ပြည်သူအများစုကိုသိသော်လည်း စစ်ကောင်စီက ၎င်းတို့ထောက်ခံနေသူများစိတ်ဓါတ်မကျစေရန် သတင်းလည်လည်ထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း စစ်သတင်းများရယူဖော်ပြပေးနေသောသတင်းထောက်တစ်ဦးကပြောသည်။ဒီဇင်ဘာလအတွင်းKNUတပ်မဟာ(၅)နယ်မြေတွင်KNLAက စစ်ကောင်စီတပ်စခန်းများစွာကိုတစ်ချိန်တည်းတိုက်ခိုက်သိမ်းပိုက်ခြင်း ၊TNLA နှင့်ကုန်းသာတိုက်ပွဲတို့တွင်စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုခဲ့သော်လည်း အထိနာခဲ့သည်။
