လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ် တပ်စွဲထားသောနေရာများကိုပြန်လည်သိမ်းပိုက်ရန် ကရင်နီတော်လှန်ရေးတပ်များက ခြောက်ရက်ဆက်တိုက်ခိုက်ရာ တိုက် စစ် ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးထိခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ် ရင်း (၂ )က ယမန်နေ့တွင် ထုတ်ပြန်သည်။
နိုဝင်ဘာ ၂၄ ရက်မှစ၍ လွိုင်ကော်မြို့နယ် ပါလောင်းရွာရှိဆေးခန်းနှင့်ဘုန်းကြီး ကျောင်းတွင်တပ်စွဲထားသော အင်အား ၁၀၀ ခန့်ရှိစစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ပြီးတစ်နေ ကုန်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့သည်။တိုက်ပွဲတွင်စစ်ကောင်စီတပ်အထိနာခဲ့ပြီး ပါလောင်းရွာပြင်အစပ်သို့ ပြောင်းရွေ့တပ်ဆုတ်သွားခဲ့ရကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားနေစဥ်တွင်ပါလောင်းရွာလမ်းမကြီးပေါ်ဆိုင်ကယ်ဖြင့်ဖြတ်သန်းမောင်းနှင်သွားသော ဆူးဖဲလောကျေးရွာမှပြည်သူ(၁)ဦးကို စစ်တပ်မှပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းလည်းKNDF ကအသိပေးသည်။
နိုဝင်ဘာ ၂၅ ရက်တွင်လည်း ရွာပြင်အစပ်ရှိလူနေအိမ်များ၌ နေရာပြောင်းရွေ့ကာတပ်စွဲသောစစ်ကောင်စီတပ်ကို ထပ်မံတိုက်ခိုက်ရာတိုက်ပွဲမှာ နေ့လည် ၁၁ နာရီခွဲမှ ညနေ ၃ နာရီ ခွဲခန့်အထိ ကြာမြင့်ခဲ့သည်။
တိုက်ပွဲဖြစ်နေစဥ်အတွင်း လွိုင်ကော်အခြေစိုက်တပ် ခလရ(၂၅၀)မှ လက်နက်ကြီးပစ်ကူ (၁၅)ကြိမ်ထက်မနည်းပစ်ခတ်ခဲ့သဖြင့် ရွာအတွင်းလူနေအိမ်အများအပြားပျက်စီးခဲ့သည်။

ထိုနေ့တိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်မှထိခိုက်သေဆုံးမှုရှိနိုင်သော်လည်းအတည်မပြုနိုင်ခဲ့ပေ။
ထို့အပြင် နိုဝင်ဘာ ၂၆ ရက်တွင် ပါလောင်းရွာအရှေ့ဘက်ရှိ ဒေါတယို့ရွာသစ်နှင့်ရွာဟောင်းကြားတွင် ထပ်မံပြောင်းရွေ့တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီတပ်ပေါင်းစုံက နံနက်ပိုင်းတွင်သွားရောက်ပစ်ခတ်ခဲ့ပြီး တစ်နာရီခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ထိုနေ့တိုက်ပွဲ၌ ကရင်နီ တပ်ပေါင်းစုဘက်မှ ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်။
ထိုနောက်ပူးပေါင်းတပ်များကပါလောင်းရွာအတွင်းနယ် မြေရှင်းလင်းရေးပြုလုပ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှပစ်ခတ်သတ်ဖြတ်၍သေဆုံးသောပြည်သူရုပ်အလောင်းကိုမြှုပ်နှံပေးခဲ့သည်။
နိုဝင်ဘာ ၂၇ ရက်တွင်လည်း ဒေါတယို့ကျေးရွာပတ်ဝန်းကျင်တွင် နယ်မြေရှင်းလင်းနေစဥ်ဒေါတယို့ ရွာသစ်နှင့် ရွာဟောင်းကြား၌ စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ပေါင်းစုတိုက်ပွဲထပ်မံဖြစ်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားချိန် လေးနာရီခန့်ကြာမြင့်ခဲ့ပြီးလွိုင်ကော် အခြေစိုက် တပ်စခန်းမှ လက်နက် ကြီး ငါးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်။ တိုက်ပွဲအတွင်းတပ်ပေါင်းစုမှရဲဘော် တစ်ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်တွင်လည်း ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း KNDF က ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၉ ရက်တွင် ပါလောင်းရွာ အနောက်ဘက်တောင်ပေါ်၌နေရာယူထားသော အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ် ပေါင်းစုတို့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။တပ်ပေါင်းစုများမှ တောင်ကုန်းပေါ်သို့သွားရောက်၍ ကြိုတင်ရှိနေသောစစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တောင်ပေါ်တိုက်ပွဲတွင် တပ်ပေါင်းစုမှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီးစစ်ကောင်စီတပ်သား (၂)ဦးထိခိုက်သေဆုံးသည်ကို အတည်ပြုနိုင်ခဲ့ကြောင်းဖော်ပြထားသည်။
ပါလောင်းကျေးရွာနှင့်ဝန်းကျင်တွင် (၆)ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ ကရင်နီ တပ်ပေါင်းစုဘက်မှ ရဲဘော်၆ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
“အဓိကတော့ ကျွန်တော်တို့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ပြန်လည်ရယူဖို့ ထိုးစစ်ဆင်နေတယ်။နောက်ပြီး ဒေသတွင်းက ပြည်သူတွေအနေနဲ့ စစ်ရေးနဲ့ပတ်သတ် လို့ အမြဲ ဂရုပြုပြီးနေထိုင်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ပါလောင်းကျေးရွာနှင့် ဒေါတယို့ကျေးရွာတို့သည်စစ်ကောင်စီ၏ရိက္ခာပို့ လမ်း ကြောင်းပေါ်တွင်ရှိနေသောကြောင့်တိုက်ပွဲ အချိန်မရွေးဖြစ်ပွားနိုင်သောကြောင့် ကျေးရွာနေပြည်သူအများအပြား အိုးအိမ်စွန်ခွာ စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။
