ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် ပြည်ပရောက် မြန်မာများ စုပေါင်း၍ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ကျင်းပခဲ့ပြီးနောက် စစ်ကောင်စီ၏ ရွေးကောက်ပွဲလက်မခံကြောင်း ဆန္ဒပြခဲ့ကြသည်။
ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ချောင်ဘူရီမြို့တွင် သတ္တမအကြိမ်မြောက်အဖြစ် “စစ်အာဏာရှင် စနစ်ဆိုးကြီး အမြစ်ပြတ်ဖို့ PDF ကို ထောက်ပံ့စို့” ခေါင်းစဥ်ဖြင့် နွေဦးတော်လှန်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံရောက် မြန်မာအများအပြား ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။




ထို့အပြင် မလေးရှားနိုင်ငံ ကာဂျန်းမြို့ရှိ Tenaga National University ကွင်းတွင်လည်း ယနေ့တွင် နွေဦးတော်လှန်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲနှင့် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲလက်မခံကြောင်း ဆန္ဒပြပွဲပြုလုပ်ခဲ့ကြသည်။
ယင်းရန်ပုံငွေ ဘောလုံးပွဲအခမ်းအနားကို “အားကစားဖြင့်တော်လှန်မည်” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဘောလုံးအသင်း ၁၀သင်းခန့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
ထို့အပြင် ၂၀၂၃တွင် စစ်ကောင်စီက ပြုလုပ်ရန် စီစဥ်နေသည့် အတုအယောင်ရွေးကောက်ပွဲအား လက်မခံကြောင်းလည်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
