▪︎ကချင်ပြည်နယ်တွင် KIA နှင့် PDF အားကောင်းပြီး ယင်းတို့နှင့်အလိုက်အထိုက်ဆက်ဆံခြင်းအပေါ် စစ်ကောင်စီတပ်က အနိုင်ကျင့်မှုဟု ရဲအရာရှိအချို့ပြော
မိုးညှင်းမြို့နယ် နမ်းမားနယ်မြေရဲစခန်းမှ ဒုရဲအုပ်နှစ်ဦးကို PDFနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီကနိုဝင်ဘာ၁၅ရက်တွင် ဖမ်းဆီးထားပြီး ယင်းလုပ်ရပ်သည် ရဲတပ်ဖွဲ့အား စစ်တပ်က အနိုင်ကျင့်ခြင်းဟု ရဲအရာရှိအချို့က ပြောသည်။
နမ်းမားနယ်မြေရဲစခန်းမှ ဒုရဲအုပ်မျိုးကျော်နှင့် ဒုရဲအုပ်သွင်အောင်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလလယ်တွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်အထိပြန်မလွှတ်သေးပေ။
” PDF နဲ့ အဆက်အစပ်ရှိတယ်ဆိုပြီး ဖမ်းသွားတာ။ စစ်ကြောရေးကိုပို့ထားတယ်လို့ပဲသိရတယ်။ သတင်းအစအနလည်းပျောက်နေတယ်” ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက People’s Spring သို့ ဆက်သွယ်ပြောဆိုသည်။
ဒုရဲအုပ်မျိုးကျော်နှင့် ဒုရဲအုပ်သွင်အောင်သည်ဒီဇင်ဘာလ ၁ရက်အထိ ပြန်လွတ်မလာသေးပေ။အကြောင်းပြချက် မခိုင်လုံဘဲ ရဲအရာရှိနှစ်ဦးအား စစ်ကောင်စီတပ်က ယင်းကဲ့သို့ ဖမ်းဆီးချုပ်နှောင်ထားခြင်းသည် ရဲတပ်ဖွဲ့အား စစ်တပ်က အနိုင်ကျင့်ခြင်းဟုရဲအရာရှိအချိုကပြောသည်။
“ကချင်ပြည်နယ်မှာ လူတိုင်း KIA ထောက်ခံတယ်။ PDF ထောက်ခံတယ်။ ကျွန်တော်တို့လည်း အလိုက်အထိုက်ပေါင်းရတာတွေရှိတယ်။ ဒါကို မစာနာဘဲ အနိုင်ကျင့်တာမျိုးတော့ လက်ခံလို့မရဘူး။ ဟို ဂျပုမင်းအောင်လှိုင်အာဏာရူးတာကို အောက်ကကောင်တွေက ကြမ်းချင်တိုင်း ကြမ်းပြနေတာ” ဟု ဒုရဲအုပ်အဆင့်ရှိရဲတစ်ဦးကပြောသည်။
ကချင်ပြည်နယ်တွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့အားကောင်းသည်။ ပြီးခဲ့သည့် နိုဝင်ဘာ (၂၇)ရက်ညတွင် KIAနှင့် PDFပူးပေါင်းအဖွဲ့က မိုးညှင်းမြို့ တက္ကသိုလ်ဝင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။
လတ်တလောတွင် KIA PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီသည် ဖားကန့်တွင် စစ်ရေးတင်းမာနေသည်။ ဖားကန့်မြို့နယ် အခြေစိုက် ၊ KIA တပ်မဟာ(၉ )ကအများပြည်သူနှင့်သက်ဆိုင်သော ဘာသာရေးအဆောက်အဦးများ၊ ကျောင်းများတွင် စစ်ကောင်စီစစ်သားများ ခေတ္တနားနေခြင်း၊ ညအိပ်ခြင်းများ ခွင့်မပြုရန် ယနေ့ သတိပေးချက် ထုတ်ပြန်ထားသည်။
