ကချင်ပြည်နယ် ဖားကန့်မြို့နယ်အနန့်ပါဒေသ၌စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့သည့် လုပ်ရပ်အပေါ်လက်မခံနိုင်ကြောင်း ဖော်ပြမည့် မီးပိတ်သပိတ်ကို ယနေ့ည ၈နာရီခွဲမှစတင်ပြုလုပ်မည်ဖြစ်ရာ ပြည်သူများ ပါဝင်ကြရန် ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က တိုက်တွန်းနှိုးဆော်ချက်ထုတ်ပြန်သည်။
စစ်ကောင်စီ၏အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုကြောင့် KIO/KIA ရဲဘော်များ ၊ ကချင်အနုပညာရှင်များ နှင့် အပြစ်မဲ့အရပ်သားပြည်သူများစွာ ထိခိုက်ကျဆုံးခဲ့ရသည့် ဖြစ်စဉ်အပေါ် ပြည်သူတစ်ရပ်လုံးက လုံးဝ(လုံးဝ)လက်မခံနိုင်ကြောင်း တုံ့ပြန်သည့်အနေဖြင့် ယနေ့ အောက်တိုဘာ ၂၈ရက် ည ၈နာရီခွဲမှစ၍ ၁၀မိနစ်ကြာ မီးပိတ်သပိတ် ပြုလုပ်မည်ဖြစ်သည်။
ကသာမြို့နယ်အတွင်းရှိ မိဘပြည်သူများအားလုံး ကချင်သွေးချင်းများနှင့်အတူ သွေးစည်းကြောင်းပြသရင်း မီးပိတ်သပိတ်လှုပ်ရှားမှုကြီးတွင် ပါဝင်ပေးကြပါရန် လေးစားစွားနှိုးဆော်တိုက်တွန်းကြောင်း ကသာပအဖက ထုတ်ပြန်သည်။
အောက်တိုဘာ ၂၃ရက်ညပိုင်းက ဖြစ်ပွားခဲ့သည့် အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်ခံရမှု တွင် ပြည်သူလူထုများ၊ အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် kIO စစ်ဘက် အရပ်ဘက် ဝန်ထမ်းများ စုစုပေါင်း ၆၀ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ၆၀ ကျော်ဒဏ်ရာရရှိခဲ့သည်။
