အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)တို့ကြား သက်ဆိုင်ရာဒေသများတွင် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြောင်း NUGကာကွယ်ရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။
ထို့ပြင် နိုင်ငံရေးအရ အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုတို့ဖြင့် အတူတကွလက်တွဲဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားသည်။
ယမန်နေ့ (အောက်တိုဘာ၂၆)တွင် ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ၊ အတွင်းဝန် ဦးနိုင်ထူးအောင်တို့နှင့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) မှ တာဝန်ရှိသူများဖြစ်သည့် ကွပ်ကဲရေးမှူး မောင်ဆောင်းခ၊ စခန်းမှူး ရိုးအံ့မင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ယခုကဲ့သို့ သဘောတူခဲ့သည်ဟု ဆိုသည်။
အဆိုပါတွေ့ဆုံမှုတွင် လက်ရှိတော်လှန်ရေးကာလအတွင်းဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ အခန်းကဏ္ဍနှင့်အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ စဉ်းစားချက်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်ဟုလည်း ထုတ်ပြန်သည်။
BPLAသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေအတွင်း KNLA နှင့်ပူးပေါင်း စစ်ရေးလှုပ်ရှားတိုက်ပွဲဝင်နေသည့် တပ်ဖွဲ့ဖြစ်သည်။
