မြန်မာစစ်တပ်သည် မြန်မာပြည်သူများအပေါ် ဆိုးရွားသည့်မည်သည့်လုံခြုံရေးခြိမ်းခြောက်မှုမျိုးကိုမဆို ကျူးလွန်ရန်တုန့်ဆိုင်းနေမည်မဟုတ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။
စစ်တပ်သည် သမိုင်းကြောင်းအရသာမက လက်ရှိတွင်လည်း အပြစ်မဲ့ပြည်သူများအပေါ် ရက်စက်စွာ၊ လူမဆန်စွာ၊ ယုတ်မာစွာ ကျူးလွန်နေမှုများကို ကြည့်ခြင်းအားဖြင့် ထိုသို့ကျူးလွန်ရန်တုန့်ဆိုင်းနေမည်မဟုတ်ကြောင်း မြန်မာသံအမတ်ကြီးက ဆိုသည်။ ယမန်နေ့က (၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏ “အဖျက်စွမ်းအားပြင်းလက်နက်များ” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်၌ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
သတင်းအချက်အလက်များအရ မြန်မာစစ်တပ်သည် (schedule 1 chemical)ပါ ဓာတုပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းစဉ်တစ်ခုကို ယခင်က ဆောင်ရွက်ခဲ့ပြီး လုံလောက်သည့် သက်သေအထောက်အထားများအရ ၁၉၈ဝ ခုနှစ်များအတွင်း မြန်မာစစ်တပ်သည် ပဲခူးတိုင်းဒေသကြီး၊ ထုံးဘိုအနီးရှိ ၎င်းတို့ထိန်းချုပ်မှုအောက်တွင်ရှိသော ဓာတုလက်နက်ထုတ် လုပ်သည့်စက်ရုံမှ ဆာလဖာ ဓာတုအဆိပ်များ (sulfur mustard) ထုတ်လုပ်ရန် စမ်းသပ်ခဲ့ခြင်းရှိသည်ကို သိရှိရကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂကို အစီရင်ခံသည်။
အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ စစ်တပ်မှ အရပ်သားအစိုးရထံသို့ အစီရင်ခံတင်ပြခဲ့ဖူးခြင်း မရှိဘဲ တရားမဝင်အာဏာသိမ်းမှုမတိုင်မီ ရွေးကောက်ခံပြည်သူ့အစိုးရသည် အဆိုပါကိစ္စရပ်ကို ရှင်းရှင်းလင်းလင်း ဖြစ်စေရန် မြန်မာစစ်တပ်သို့ တိုက်တွန်းခဲ့ဖူးကြောင်း သံအမတ်ကြီးက ပြောသည်။
မြန်မာစစ်တပ်သည် ၎င်းတို့ ဆောင်ရွက်ခဲ့သည် ဓာတုလက်နက်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု လုံးဝမရှိခဲ့ဖူးကြောင်းနှင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးကိစ္စရပ်များတွင်လည်း ကောင်းမွန်သည့်မိတ်ဖက်မဖြစ်ခဲ့ဖူးကြောင်း ဆက်ပြောသည်။
