ကျဉ်းမြောင်းသည့် နိုင်ငံရေးအမြင်နှင့် ငါတကောကောလုပ်ဆောင်ခြင်းမျိုးရှောင်ရှားရန် မှာကြား
နွေဦးတော်လှန်ရေး၏ မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်ရာတွင် ကျဉ်းမြောင်းသည့် နိုင်ငံရေးအမြင်နှင့် ငါတကောကောလုပ်ဆောင်ခြင်းမျိုးကို ရှောင်ရှားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့ဝင်များကို မှာကြားလိုက်ပြီး မဟာမိတ်ဆက်ဆံရေးခိုင်မြဲပြီး အင်အားကြီးအောင် စုဖွဲ့တည်ဆောက်ရန် တိုက်တွန်းသည်။
ယနေ့(အောက်တိုဘာ ၁၈ရက်) ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက မဟာမိတ်ဆက်ဆံရေးကိစ္စကို အဓိကထား ပြောကြားခဲ့သည်။
“ မြန်မာ့နွေဦးတော်လှန်ရေးဟာ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့နဲ့ ဦးတည်ချီတက်နေကြတာ မဟုတ်ဘဲ အားလုံးပါဝင်မှုဆိုတဲ့ မူကိုကိုင်ပြီး ချီတက်နေကြတာကိုလည်း အားလုံးအသိပင် ဖြစ်ပါတယ်။ အားလုံးပါဝင်ရေးမူကို ဆွဲကိုင်ပြီးတော့ နွေဦးတော်လှန်ရေးရဲ့ စစ်ရေးတပ်ပေါင်းစု မဟာမိတ် ဆက်ထုံးကို ခိုင်မြဲအောင် စုစုစည်းစည်း ညီညီညွတ်ညွတ် လုပ်ကြရမယ်လို့ ယူဆပါတယ်။ တစ်ဖက်မှာလည်း စစ်ရေးပူးပေါင်းမဟာမိတ်လှုပ်ရှားမှုတွေကို လက်တွေ့ကျကျ လုပ်ကြရမယ်လို့ တိုက်တွန်းချင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်ရာတွင် သထေားအမြင် ကျဉ်းမြောင်းစွာ ချဉ်းကပ်လုပ်ဆောင်ရန်မသင့်ဘဲ တော်လှန်ရေးစိတ်ဆန္ဒများသည် ဂိုဏ်းဂဏဝါဒကို ရှောင်ရှားပြီး ပုဂ္ဂိုလ်ရေးအစွဲများ ကျော်နိုင်ရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။
“ မဟာမိတ်ဆက်ဆံရေးမှာ ရေတိုအကျိုးစီးပွားတွေကိုပဲ ကြည့်ပြီး လုပ်ဆောင်တာမျိုးကိုလည်း ရှောင်ကြဉ်ဖို့ လိုတယ်လို့ ယူဆပါတယ်။ အုပ်စုအကျိုးစီးပွားတွေအပေါ်မှာပဲ ကျောက်ချနေမယ်ဆိုရင် ကျွန်တော်တို့ နွေဦးတော်လှန်ရေးဟာ သေးငယ်ပြီး ကျုံ့ဝင်သွားပါလိမ့်မယ်။ ကြီးမားကျယ်ပြန့်ပြီး အားကောင်းတဲ့ လူထုတော်လှန်ရေးဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါကို သတိချပ်ပြီးတော့ အမြော်အမြင်ရှိရှိ၊ သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ မဟာမိတ်ဆက်ဆံရေး တပ်ပေါင်းစုကို အင်အားကြီးအောင် စုဖွဲ့တည်ဆောက်ကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်း ပြောကြားလိုပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံ၏ အတိတ်သမိုင်းကို လေ့လာကြည့်ပါက မူနှင့်လူတခြားစီ ဖြစ်နေသည်ကို ခပ်များများ တွေ့ရသည်ဟု ဆိုသည်။
“ ဒါတွေကို သတိထားပြီး ကျွန်တော်တို့ ကိုယ်တိုင်လည်း မူကတခြား၊ လူကတခြား မဖြစ်စေဖို့ အထူး သတိပြုရပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာ မူတစ်ခုဖြစ်တယ်၊ ပဋိညာဉ်တစ်ခုဖြစ်ပါတယ်။ အခြေခံဥပဒေထဲမှာ တာဝန်ခွဲဝေမှုတွေ ပါဝင်တယ်၊ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ပါဝင်တယ်၊ လွတ်လပ်မှုနဲ့ အခွင့်အရေး ဆိုတာတွေကို တိတိကျကျ ပြဋ္ဌာန်းသတ်မှတ်ထားတာတွေ ပါဝင်ပါလိမ့်မယ်။ ဒါ့ကြောင့် ပြဋ္ဌာန်းချက်တွေဟာ အကောင်းမွန်ဆုံးတွေလည်း ဖြစ်သင့်သလို လက်တွေ့ကျကျ ဖြစ်နိုင်တာတွေ လည်း ဖြစ်သင့်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။
လက်ရှိ ဖြန်သန်းနေသည့် နိုင်ငံရေး အခင်းအကျင်းနှင့် လိုက်ဖက်သင့်တော်ပြီး လက်တွေ့ အသုံးပြုရန် ဖြစ်နိုင်ချေရှိသည့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သင့်ကြောင်း သမ္မတက ပြောကြားသည်။
“အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေ အားလုံးဟာ မူနဲ့ လူတခြားစီ ကင်းလွတ်နေတာမျိုး မဖြစ်အောင် သတိပြုကြဖို့ ကျွန်တော့်အနေနဲ့ အနူးညွှတ် မေတ္တာရပ်ခံပါတယ်။ ဒါ့အပြင် လူထုတော်လှန်ရေးကို လူထုတော်လှန်ရေးနဲ့ ထိုက်တန်တဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေဖြစ်ဖို့လိုကြောင်း တိုက်တွန်းချင်ပါတယ်” ဟုလည်း ယာယီသမ္မတက ပြောကြားသည်။
