ရခိုင်ပြည်နယ် ရဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးမှာ အသုံးပြုဖို့ ဂျပန်အစိုးရ က လှူဒါန်းထားတဲ့အရပ်ဘက်သုံး ရေယာဉ် တွေကို စစ်ကောင်စီက စစ်ရေးအတွက် အသုံးချနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ HRW က အသိပေးလိုက်ပါတယ်။
ဂျပန်အစိုးရ ၂၀၁၇ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ရခိုင်အတွက် လှူဒါန်းထားတဲ့ အရပ်ဘက်သုံး ရေယာဉ် ၃ စီးအနက် ၂ စီးကို ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း စစ်ဘက်မှာ စစ်ကောင်စီက အသုံးပြုခဲ့တယ်လို့ HRW ကဆိုထားပါတယ်။
ကစ္ဆပနဒီ – ၁ နဲ့ ကစ္ဆပနဒီ −၂ ရေယာဉ်တွေနဲ့ စစ်ကောင်စီတပ်သားတွေကို သယ်ဆောင်ကာ မေယုမြစ်ကြောင်းအတိုင်း ဘူးသီးတောင်မြို့နယ်ဆီ စက်တင်ဘာလအတွင်းပို့ဆောင်ပေးခဲ့တာရှိတယ်လို့ HRW ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဘူးသီးတောင်မြို့နယ်ဟာ AA နဲ့တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀၀ ထက်မနည်း ပို့ဆောင်ပေးခဲ့တာလို့သိရပါတယ်။
ဂျပန် လှူဒါန်းထားတဲ့ အရပ်ဘက် ရေယာဉ် ၂ စီးကို အသုံးချခဲ့တယ်ဆိုတာ စစ်ကောင်စီတပ်သားတွေကို သယ်ယူပို့ဆောင်ပေးဖို့အတွက်စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ် ရေကြောင်းပို့ဆောင်ရေးဌာနဆီ ပေးပို့တဲ့စာကို ရရှိခဲ့တယ်လို့ HRW က ပြောထားပါတယ်။
စစ်ကောင်စီဟာ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကို အလွဲသုံးနေတယ်လို့ HRW က ထောက်ပြပါတယ်။
ဒါကြောင့် ဂျပန်အစိုးရအနေနဲ့ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ လူသားချင်းစာနာထောက်ထားမှုနယ်ပယ်နဲ့မသက်ဆိုင်တဲ့ အကူအညီတွေကို ချက်ချင်းဆိုင်းငံထားသင့်တယ်လို့ HRW ကတောင်းဆိုထားတာတွေ့ရပါတယ်။
