မကွေးတိုင်း ထီးလင်းမြို့နယ်တွင် စစ်ကောင်ဏီတပ်က သရခါရွာမှ ပြည်သူလူထု နေအိမ်များကို မီးရှို့ခဲ့ရာ စစ်ကောင်စီတပ်များထွက်ခွာသွားပြီးနောက် ယောဒေသကကာကွယ်ရေးတပ်(YDF) -ထီးလင်း နှင့် ပြည်သူ့ကာကွယ်ရေတပ်(PDF)-ထီးလင်း တို့မှ ရဲဘော်များက နေအိမ်များကို မီးငြှိမ်းသတ်ပေး ခဲ့ကြောင်း ဂန့်ဂေါခရိုင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်းများက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် အောက်တိုဘာ ၆ရက်တွင် ရွှေအောင်သာဘက်မှ ထီးလင်းဘက်သို့ အင်အား ၈၀ခန့်ဖြင့်ထွက်လာသောစစ်ကောင်စီတပ်ကို လက်နက်ကြီးများ ၊ပဒေသာမိုင်းများဖြင့်ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ပြန်လည်၍ရမ်းသန်းပစ်ခတ်ခဲ့သည်။ထိုအပြင် သရခါရွာဘုရားကုန်းအနီးတွင် ကင်းပုန်းယူထားသည့် စစ်ကောင်စီတပ်အား ထီးလင်း PDF က ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပြီး အောက်တိုဘာ ၇ရက် နံနက်တွင် စစ်ကောင်စီတပ်က သရခါရွာရှိ ပြည်သူလူထုနေအိမ် အချို့ကို မီးစတင်ရှို့ခဲ့သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုသို့မီးရှို့ခဲ့၍ အဆိုပါ ကျေးရွာရှိ နေအိမ် ၆လုံး မီးလောင်ကျွမ်းခဲ့ရာ ဒေသကာကွယ်ရေး အဖွဲ့များ၊ ထီးလင်း PDF တို့မှ ဝိုင်းဝန်း မီးငြှိမ်းသတ်ပေးကြသလို ၊မီးငြှိမ်းသတ်နေစဉ် လုံခြုံရေးယူပေးခဲ့ကြောင်းလည်း အသိပေးထားသည်။

မီးညွှန့်ကျိုးပြီး စပါးကျီများ မီးစွဲလောင်နေစဉ် ကျန်နေသော စပါးများကို မီးလွတ်ရာသို့ ရွှေ့ပြောင်းရာတွင်လည်း ကူညီပေးခဲ့သည်ဟုအသိပေးထာသည်။

စစ်ဘေးရှောင် ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် မိုင်းကွင်းများ ပြန်လည်အသက်မဲ့စဉ် မတော်တဆ ပေါက်ကွဲမှု့ ဖြစ်ပွါးခဲ့ပြီး ထီးလင်း PDFမှ ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ထီးလင်း PDFက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်ကိုလက်နက်ကြီးများ၊မိုင်းများဖြင့်ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်စဥ် ထိခိုက်သေဆုံးမှုရှိ၊မရှိကို ပြည်သူ့ကာကွယ်ရေတပ်(PDF)-ထီးလင်းသို့ People’s Spring ကဆက်သွယ်မေးမြန်းထားပြီးပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ပြည်သူများ အနေဖြင့် စစ်ကော်စီတပ် စစ်ကြောင်းများရှိပါက စစ်ကြောင်းဦးတည်ရာ လမ်းကြောင်းများသို့ မသွားစေလိုဟုလည်း ထီးလင်း PDFက မေတ္တာရပ်ခံထားသည်။
