စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ၂၄နာရီအတွင်း စီးပွားရေးတက္ကသိုလ်နှင့် စီးပွားရေးဘဏ်၌ စစ်ကောင်စီတပ်စွဲရာ နှစ်နေရာအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့(စက်တင်ဘာလ ၂၉ ရက်) ည ၇ နာရီအချိန်က မုံရွာမြို့ စီးပွားရေးတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ရဲများအား လက်လုပ် (၄ဝ)မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးကြောင်း Chindwin Attack Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂) တပ်ခွဲ (၄) Fight For People နှင့် မုံရွာမြို့ ပြောက်ကျားတပ်ဖွဲ့များဖြစ်သော ဗိုလ်ပေါက်ကြား၊ ဗိုလ်ဗျတ်ဝိ၊ Black Rose တို့ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
ယနေ့ ညနေ ၆ နာရီ ၁၀မိနစ်ခန့်ကလည်း Chindwin Attack Force တပ်ရင်း (၂) မုံရွာစီးပွားရေးဘဏ်တွင် ခြင်းခတ်နေသော စစ်ကောင်စီတပ်သား လေးဦး၊ သဲအိတ်အကာဖြင့် ကင်းစောင့်နေသော စစ်သားတစ်ဦး၊ ယာဥ်ထိန်းရဲကင်းရှေ့ လက်နက်ကိုင်ကာကင်းစောင့်နေသော စစ်သားတစ်ဦး စုစုပေါင်း ခြောက်ဦးအား ပြောက်ကျားစစ်ဖြင့် စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်သား ခြောက်ဦးလုံးသေဆုံးသွားကြောင်း Chindwin Attack Forceအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုစစ်ဆင်ရေးကို Chindwin Attack Force တပ်ရင်း (၂) တပ်ရင်း (၃) တပ်ရင်း (၄) ၏ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့( Chindwin Attack Force IO) အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့၏ သတင်းပေးအတည်ပြုချက်အရ တပ်ရင်း (၃) တပ်ရင်း (၄) ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boysအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။
အဆိုပါ စစ်ဆင်ရေးများတွင် မဟာမိတ်တပ်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Chindwin Attack Force က ဆိုသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုအခြေအနေ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
