မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဂိမ်းဆော့ပြီးပြန်လာသည့် လူငယ်လေးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
စက်တင်ဘာ ၂၇ ရက် ည၁၁နာရီ မိနစ် ၅၀ခန့်က ဝမ်းတွင်းမြို့တောင်ဘက်အထွက်၊ လျှော်ပင်ကျေးရွာမြောက်ဘက်၌ လူငယ်လေးဦးသည် တိမ်တောင်ဘုရား၌ ဂိမ်းဆေ့ာပြီးအပြန်တွင် စစ်ကောင်စီတပ်သားများလိုက်လံပစ်ခတ်ရာ တစ်ဦးသေဆုံးခဲ့ကြောင်း၊ နှစ်ဦးဖမ်းဆီးခံလိုက်ရပြီး တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း Voice Of Wundwin က ပြောသည်။
“ဆုံးပါးသွားတဲ့ လူငယ်လေးက ရွာသစ်ကျေးရွာကဖြစ်ပြီး အဖမ်းခံရတဲ့လူငယ်နှစ်ယောက်ကတော့ ဆေးရုံတင်ထားရတယ်လို့သိရတယ်။ ထိုလူငယ် နှစ်ယောက်ကတော့ တောင်ဇချမ်းကုန်းကျေးရွာက လို့သိရပါတယ်။”ဟု Voice Of Wundwin အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယနေ့ (စက်တင်ဘာ ၂၉ ရက်) နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က တောင်ဇချမ်းကုန်းကျေးရွာသို့ ရောက်ရှိလာပြီး ပြည်သူအချို့အား ဖမ်းဆီးသွားကြောင်း၊ တမာကုန်းကျေးရွာတွင် ဂိတ်ချ၍ အစစ် ဆေးများကြမ်းနေပြီး ဝမ်းတွင်းမြို့နှင့် မိတ္ထီလာမြို့တွင်လည်း နေရာအနှံ့ လှည့်လည်နေကြောင်း ဒေသခံများက ပြောသည်။
မန္တလေးတိုင်းရှိ ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီတပ်အား မကြာခဏ ခုခံတိုက်ခိုက်မှုများဖြစ်ပွားနေသည်။
