▪︎လက်ယက်ကုန်းရွာအတွင်း အကြမ်းဖက်ခံရမှုဖြစ်စဥ်အသေးစိတ်အချက်အလက်များကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနထုတ်ပြန်
စစ်တပ်သည် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ၊ စစ်ရေးဆိုင်ရာဥပဒေ စသည်တို့ကို ပေါ်ပေါ်ထင်ထင်နှင့် အဆက်မပြတ် ကျူးလွန်နေကြောင်း ၎င်းတို့ ကျုးလွန်နေသော အဖြစ်အပျက်များက အတိအကျ သက်သေခံနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်သည်။


ဒီပဲယင်း၊ လက်ယက်ကုန်းရွာအတွင်း အကြမ်းဖက်ခံရမှုဖြစ်စဥ်အသေးစိတ်အချက်အလက်များကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်ခဲ့ရာ ဘုန်းကြီးကျောင်းအတွင်းရှိ စာသင်ကျောင်းအား ဝေဟင် အင်အားသုံး၍ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ကြသူများမှာ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် (၁၀) စစ်ဆေးရေးဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း တပ်မ (၃၆၈) မှ အကြမ်းဖက်စစ်ကောင်စီ တပ်သားများဖြစ်သည်ဟု ဖော်ပြသည်။


ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် ဒီပဲယင်း၊ လက်ယက်ကုန်းရွာ၌ စစ်တပ် ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် ဖြစ်စဉ်ကြောင့် အပြစ်မဲ့ ပြည်သူများအပြင် စာသင်ကျောင်းအတွင်း စာသင်ကြားနေသော ကလေးသူငယ်များ သေဆုံး၊ဖမ်းဆီး ခံခဲ့ရသည်။
အတည်ပြုနိုင်သော သေဆုံးသူ (၁၂) ဦး ရှိပြီး အသက် ၆ နှစ်အရွယ် မောင်ဘုန်းတေဇနှင့် အသက် ၇ နှစ်အရွယ် မသုဝတီလှိုင် အပါအဝင် (၁၆) နှစ်အောက် ကလေးငယ် (၇) ဦးသေဆုံးခဲ့ရသည်။ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၇ ဦးအပြင် ဒေသခံပြည်သူ ၆ ဦးလည်း ပါဝင်သည်။


စာသင်ခန်းအတွင်းသေဆုံးသွားသော ကျောင်းသား၊ ကျောင်းသူများ၏ အသားစများ၊ သွေးကွက်အိုင်များမှာ နေရာတိုင်း၌ ပေကျန်စွန်းထင်းနေခဲ့ကြောင့် NUG က အစီရင်ခံသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ပြည်သူလုထုကို သတ်ဖြတ်ရုံသာမက အပြစ်မဲ့ ပြည်သူ (၁၅) ဦးကိုလည်း ဖမ်းဆီးသွားပြီး ထိုအထဲတွင်လည်း အသက်မပြည့်သေးသူ ကလေးငယ်(၇) ဦးအထိ ပါဝင်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယင်းနောက် သေဆုံးသူများ၏ ရုပ်အလောင်းများကို ပီနံ အိတ်များဖြင့် ထုတ်ကာ ယူဆောင်သွားခဲ့ကြောင်း ဖော်ပြသည်။



ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ ယူဆောင်သွားသော ရုပ်အလောင်းများကို မိဘများထံ ပြန်မပေးဘဲ ရေဦးမြို့နယ်တွင် မီးရှို့သဂြိုလ်ခဲ့ပြီး လာရောက်သဂြိုလ်သည့် ရုပ်အလောင်းများ အနက် ပီနံအိတ်ထဲ၌ ကိုယ်လက်အဂ်ါ အစိတ်အပိုင်းများဖြင့် ကျား၊ မ မခွဲခြားနိုင်တော့သူ တစ်ဦး ပါဝင်ကြောင်း သိရသည်။
စစ်တပ်၏ ပစ်ခတ်မှုကြောင့် မျက်လုံးထိခိုက်ဒဏ်ရာရရှိသူ အသက် ၇ နှစ်အရွယ် မောင်ဘုန်းပြည့်စုံကျော် နှင့် ခြေချောင်းဖွာဆန်ကြဲသွားသည့် အသက် ၁၂ နှစ်အရွယ် မနန်းအိဝေတို့ကို မုံရွာစစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ မောင်ဘုန်းပြည့်စုံကျော်ကို စက်တင်ဘာ ၂၂ ရက်တွင် မျက်လုံးဒဏ်ရာဖြင့် ပြန်လွှတ်ပေးခဲ့သည်။
