KNU တပ်မဟာ(၆)နယ်မြေအတွင်းရှိ စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၇)ဦး သေဆုံးပြီး နှစ်ဦးကို ဒဏ်ရာနဲ့ဖမ်းဆီးရခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

မနေ့ စက်တင်ဘာလ(၂၀)ရက်က ကေအဲန်ယူ-ဒူးပလာ ယာခရိုင် ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ ခြေကုတ်စခန်းဖြစ်တဲ့ ခမရ(၅၅၇)ကြိတ်စခန်းကို KNLA တပ်ရင်း(၁၈)နဲ့ ဒေါနစစ်ကြောင်း SOG ပူးပေါင်းတပ်ဖွဲ့တို့က မွန်းလွဲ(၂)နာရီ (၂)မိနစ်မှာ စတင်တိုက်ခိုက်ခဲ့ပြီး (၂)နာရီ (၁၉)မိနစ်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။


အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၇)ဦးသေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာနဲ့ဖမ်းဆီးရခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ကြိတ်စခန်းကို ပြီးခဲ့တဲ့ ဩဂုတ်လ(၈)ရက်နေ့ကစပြီး KNLA ပူးပေါင်းအဖွဲ့က ရိက္ခာဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ကာ မနေ့ကတော့ စခန်းတစ်ခုကိုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
