သထုံခရိုင် တပ်မဟာ(၁) နယ်မြေထဲမှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်တပ်ဟာ ကျေးရွာထဲကို သေနတ်နဲ့ပြန်ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ(၁၆)ရက် မနက်သုံးနာရီဝန်းကျင်က အင်အား(၈၀)ခန့်ရှိတဲ့ စစ်ကောင်စီတပ်မ(၄၄)လက် အောက်ခံ (၄၁၀)တပ်ရင်းဟာ ကေအဲန်ယူ-သထုံခရိုင်၊ သထုံမြို့နယ်၊ ပိန္နဲတောစခန်းကနေ ဝီယော်စခန်းကို အပြန်လမ်းမှာ KNLA တပ်ရင်း(၂)ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

ဒီလို KNLA တပ်ရင်း(၂)ပူးပေါင်းတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က အထိနာတဲ့အတွက် ကျေးရွာတွေထဲကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ရာ သထုံမြို့နယ် ဝမ်းဘဲအင်း(နိုထိုဒေ)ကျေးရွာက သားအမိနှစ်ဦးဟာ သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် အိမ်အတွင်းရှိ ကားတစ်စီးနဲ့ ဘီဒိုနှစ်လုံးလည်း ထိမှန်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
