ယခုနှစ်တွင်ယခင်နှစ်ထက်စစ်ရှိန်ပိုမြှင့်မည်ဖြစ်၍ သမ္မတက ကြေညာလာပါက အားလုံးအသင့်အနေအထားဖြစ်အောင်ပြင်ဆင်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ၎င်း၏ဖေစ်ဘွခ်တွင်ယနေ့ရေးသားအသိပေးသည်။
“ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်ထက်စစ်ရှိန်ပို့မြှင့်ပါမယ်။ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေဆီမှာ တိုက်စွမ်အားဖြစ်တဲ့ လက်နက်တွေက အရင်နှစ်ကတပ်ဆင်ထားတာနဲ့ ဒီနှစ်ထပ်တပ်ဆင်ပေးနေတာနဲ့ပေါင်းရင် တိုက်စွမ်းအားက တိုးနေပါတယ်။ တိုက်စွမ်းရည်နဲ့စိတ်ဓာတ်မှာလည်း စကစဘက်မှာ ရှေ့တန်းသွားရတာ များလို့ ပင်ပန်းလို့ တပ်တွင်းမငြိမ်မသတ်မှုတွေဖြစ်ပြီး ပြည်သူ့ရင်ခွင် ခိုလုံတဲ့သူတွေ တစ်နေ့တစ်ခြား တိုးလာပြီး တိုက်ပွဲဝင်စိတ်ဓာတ် ထိုးကျနေချိန်၊ PDF ရဲဘော်တွေက မတိုက်ရလို့ စိတ်မရှည်ဖြစ်ပြီး မနည်းထိမ်းထားရတယ်” ဟု ရေးသားထားသည်။

သို့ရာတွင် မကြာစေရကြောင်း၊ ရဲဘော်များ၏ တိုက်ပွဲဝင်စိတ်နှင့်အတူ ပြည်တော်ဝင်ကြမည်ဖြစ်ကြော်း ပြည်ထဲရေးဝန်ကြီးကဆိုသည်။
“ပြည်သူ့လူထုရဲ့ထောက်ခံမှုကလည်း စီမံဘဏ္ဍာဝန်ကြီး ရောင်းသမျ အကုန်ဝယ် နေကြတာကြည့်ရင် ပြည်သူမှာ “အောင်စိတ်” က အခိုင်အမာကို ရှိနေတယ်” ဟု ၎င်းက ရေးသားထားသည်။
ပြီးခဲ့တဲ့နှစ် သမ္မတကြီး “အရေးပေါ်အခြေအနေ”ကြေညာခဲ့ပြီးတစ်နှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ မြို့ပြပျောက်ကြားများ ဆင်နွဲခဲ့သည့် ခုခံစစ်က မြို့ပြ၊ ကျေးလက် နှင့် တောတောင်ကြား၌ ထိတွေတိုက်ပွဲမျိုးစုံဖြင့် စစ်မျက်နှာစုံဖွင့် နိုင်ခဲ့ကြကြောင်း ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။
“ဒီနှစ် သမ္မတကြီး ” ” ကြေညာပြီးရင်တော့ အားလုံး အသင့်အနေအထား ဖြစ်အောင် ပြင်ထားကြပေတော့” ဟု ဦးလွင်ကိုလတ်ကအကြောင်းအရာကိုကွက်လက်ချန်ပြီးမျက်တောင်အဖွင့်အပိတ်ဖြင့် ရေးသားထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၇ရက်က ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူခုခံစစ် တစ်နှစ်ပြည့် အဖြစ် နိုင်ငံတော် အခြေပြ မိန့်ခွန်းပြောကြားရာ အဆုံးသတ်တိုက်ပွဲအနှေးနှင့်အမြန် ရောက်လာမည်ဖြစ်ကြောင်း နှင့် လာမည့် တစ်နှစ်အတွင်း ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာရေး ရလဒ်များ ထွက်လာရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းနေသည်ဟု အသိပေးခဲ့သည်။
“ဖက်ဆစ်တွေကိုအမြစ်ဖြတ်သုတ်သင်ပေးမယ့်အဆုံးသတ်တိုက်ပွဲဟာ အနှေးနဲ့အမြန် ရောက်လာ လိမ့်မယ်။ အဲဒီအခါကျန်တဲ့ အုပ်စုအနေနဲ့ လူထု တရားစီရင်ရေးကို ခံယူနိုင်ဖို့ ရင်ဆိုင်နိုင်စွမ်း ရှိအောင် အခုကတည်းကနေ ကိုယ့်ကိုယ်ကိုယ် အသင့်ပြင်ထားကြဖို့ ဒီကနေ အသိပေးလိုက်ချင်ပါတယ်” ယာယီသမ္မတက ပြောကြားထားသည်။
ခုခံတော်လှန်စစ်ကြေညာပြီးတစ်နှစ်အတွင်း စစ်ကောင်စီတပ်မှ ၂၅၀၀၀ ကျော်သေဆုံးပြီး ၈၂၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်ဟုNUG ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်သည်။
အလားတူ ကရင်အမျိုးသားအစည်းအရုံးက ၂၀၂၁ ဇန်နဝါရီလမှ ၂၀၂၂ သြဂုတ်လအထိ့ လပေါင်း ၂၀ အတွင်းKNU/KNLA ၊ KNDO ပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ်ဦးဆောင်သောနယ်ခြားစောင့်တပ်တို့ကြားKNU ထိန်းချုပ်နယ်မြေများတွင် တိုက်ပွဲပေါင်း ၆၃၀၀ ကျော်ဖြစ်ပွားရာ စစ်ကောင်စီတပ်နှင့်BGF ၅၁၀၀ ကျော်သေဆုံးပြီး ၄၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း KNU ကထုတ်ပြန်သည်။
