ချင်းပြည်နယ် မင်းတပ်မြို့ ခွီးရိန်ရွာရှိ ပြည်သူ့နေအိမ် များအပေါ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ နေအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF) က ယနေ့ ထုတ်ပြန်သည်။
တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က စက်တင်ဘာ ၁၀ရက်မှာ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။

ယခင်ကလည်း စစ်ကောင်စီတပ်ဟာ ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးများ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

ယခု တစ်ကြိမ်တွင်လည်း ဖျက်အားပြင်း လက်နက်ကြီးများ အပြစ်မဲ့ ပြည်သူလူထု နေအိမ်များနှင့် အနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။


” လူစိတ်မရှိတဲ့ အာဏာရှင် အမြစ်ပြုတ်ဖို့အရေးပြည်သူများ အားလုံးဆက်လက်ပြီး အဆုံးထိ ပူးပေါင်းပါ၀င် ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ စကစ အကြမ်းဖက် စစ်တပ်များဟာ တော်လှန်ရေး ကာလကြာမြင့်လေ ပြည်သူ့အိုးအိမ်စည်းစိမ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်စီးနေအုံးမှာ မို့ အထိအခိုက်များလေ ဖြစ်နအုံးမှာပါပဲ”ဟု မင်းတပ် CDFက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ယခင်ကလည်း မင်းတပ် မြို့နယ် ချပ်ကျေးရွာသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူများနှင့် CDF ရဲဘော်များ ထိခိုက်သေဆုံးမှုရှိခဲ့သည်။
