မြ၀တီ-ဝေါ်လေ ကားလမ်းပိုင်းပေါ်က သုံးထပ်ကွေ့မှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့ ဒီကနေ့ တစ်နေ့တာလုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က မြေပြင်၊ဝေဟင်ကနေ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ ဩဂုတ်လ(၂၃)ရက် မနက်(၉)နာရီအချိန်ကစပြီး စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ(၄၄၁)ရဲ့ တိုက်ခိုက်ရေးတပ်ရင်းတွေဖြစ်တဲ့ ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇)၊ ခမရ(၁)အပြင် လေးကေကော်ဒေသရှိ ခမရ(၁၁၈)၊ ခမရ(၂)တို့ဟာ စစ်ကူအဖြစ်ပါဝင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် လက်ရုံးတပ်တွေဖြစ်တဲ့ အမြှောက်တပ်ရင်း၊ ဒုံးတပ်ရင်းရဲ့ (၆၀)မမ၊ (၈၁)မမ၊ (၁၂၂)မမ ဟောက်ဝစ်ဇာအမြှောက်တွေ၊ (၈၄)မမနဲ့ MLRS အတွဲလိုက်ပစ်ဒုံးတွေနဲ့ တရပ်စပ် အပြင်းအထန်ပစ်ခတ်ပြီး မြ၀တီ-ဝေါ်လေ လမ်းမအနီး ကော်ဘရာစစ်ကြောင်းလုံခြုံရေးရယူထားတဲ့ နေရာတွေကို ကျူးကျော်ဖို့ကြိုးစားလာခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။

ဒီကနေ့ မနက်(၁၀)နာရီအချိန်ခန့်မှာတော့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်(၅)စီး၊ နေ့လည်(၃)နာရီဝန်းကျင်မှာ တိုက်လေယာဉ်နှစ်စီး အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုကို ကလက်စတာဗုံးတွေ၊ ပေါင်(၅၀၀)ဗုံးတွေ အမြောက်အများအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

ဒီကနေ့ တစ်နေ့တာလုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ(၄)နာရီခန့်မှာတော့ တိုက်ပွဲငြိမ်သက်သွားခဲ့ကာ ကော်ဘရာစစ်သည်တော်တစ်ဦး စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနဲ့ ပြည်သူ့လွတ်မြောက်ရေးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီး စစ်သည်တော်သုံးဦး (မစိုးရိမ်ရ)နဲ့ တစ်ဦး(စိုးရိမ်ရ) ထိခိုက်ဒဏ်ရာတွေရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပေမယ့် အရေအတွက်အတိအကျကိုတော့ စစ်မြေပြင်အခြေအနေအရ အတည်မပြုနိုင်သေးဘူးလို့ ကော်ဘရာစစ်ကြောင်းက ပြောကြားထားပါတယ်။
