စစ်ကိုင်းတိုင်း ကသာမြို့နယ် ဘန့်ဘွေးကုန်းရွာ၌ ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၃၀ ခန့် သေဆုံးခဲ့ကြောင်း မြေပြင်ပြည်သူများနှင့်ရှေ့တန်းရဲဘော်များက သတင်းပေးပို့လာ သည်ဟု ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ထုတ်ပြန်သည်။
ကသာမြို့နယ် ဘန့်ဘွေးကုန်းရွာ၌တပ်စွဲထားသည့်အင်အား၇၀ ခန့်ပါ စစ်ကောင်စီတပ်အား ကချင်လွတ်လပ်ရေတပ်မတော်(KIA)တပ်ရင်း(၁၂)လက်အောက်ခံကချင်ဒေသ PDF နှင့် ကသာ ပကဖ၊တိုက်နယ်နှင့်ရပ်ကျေးပကဖများ ပူးပေါင်းတပ်ဖွဲ့က ယနေ့တွင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာ၍ လက်နက်ကြီး ပစ်ကူ၊ လေးကြာင်း ပစ်ကူများအသုံးပြုတိုက်ခိုက်ခဲ့သည်ဟုဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲ၌ သေဆုံးသွားသည့်စစ်ကောင်စီတပ်မှအလောင်းများကို ဘန့်ဘွေးကုန်းဆိပ်ကမ်း၌ သံခွန်ရေယာဉ်ငယ်ဖြင့် ထပ်တင်၍ လာရောက်သယ်ယူသွားကြောင်း ကသာ ပကဖက ထုတ်ပြန်သည်။
ယနေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့မှ PDF ရဲဘော် ၄ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ဘန့်ဘွေးကုန်းရွာကို မီးရှို့နေသည်ဟုဆိုသည်။
